ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ခရစ္စတယ် ပဲလေ့စ်အသင်းကို အဝေးကွင်း (1-3) ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း သူ့အသင်းရဲ့ ပထမပိုင်း ကစားပုံကိုတော့ အလွန် စိတ်ပျက်မိခဲ့ရတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ ပဲလေ့စ် နဲ့ ချယ်လ်ဆီးတို့ဟာ ပဲလေ့စ်အသင်းရဲ့ Selhurst Park ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြရင်း ပထမပိုင်း ပွဲချိန်အတွင်းမှာ အိမ်ရှင်အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့သလို ချယ်လ်ဆီးကလည်း ပထမပိုင်း Goal Attempts ကို တစ်ကြိမ်တည်းသာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Yahoo Sports

ဒုတိယပိုင်းမှသာ ချယ်လ်ဆီးက ကော်နာ ဂယ်လက်ဂါရဲ့ သွင်းဂိုး (၂)ဂိုးအပြင် ဒီနောက်ပိုင်းမှာ ဂိုးမြူးနေတဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ဂိုးတွေနဲ့သာ Comeback နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့အသင်းရဲ့ ပထမပိုင်း ကစားပုံကတော့ စိတ်ပျက်စရာအတိ ဖြစ်ခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပထမပိုင်း ကစားပုံနဲ့ ပတ်သက်ပြီးတော့လည်း ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက “ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲက ပထမပိုင်း ကစားပုံက အရမ်းနှေးကွေးလွန်းပါတယ်။ အလွန် စိတ်ပျက်စရာလည်းကောင်းပါတယ်။”

Photo Credit : beIN SPORT

“ဒါကြောင့် လာမယ့်ပွဲတွေမှာ ဒီလို ပုံစံမျိုး မဖြစ်ရအောင် ရှောင်ရှားရပါမယ်။ ဒီလို ပုံစံမျိုးနဲ့ ကစားသွားဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ပထမပိုင်း (၄၅)မိနစ်မှာလည်း ကျွန်တော်တို့ ကစားရတာ အတော်လေး ခက်ခဲခဲ့တယ်။ သူတို့အသင်းရဲ့ low block တွေကို ဖျက်ဆီးပစ်ဖို့က အလွန်ခက်ခဲခဲ့ရပါတယ်။”

“ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ သေချာလေး ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ အဆုံးသတ်မှာ နိုင်ပွဲနဲ့ အပြည့်အဝ ထိုက်တန်အောင် ကစားနိုင်ခဲ့တယ်။ ဒီအတိုင်းလေး ဆက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ အခုပွဲရလဒ်ကိုတော့ အရမ်းကျေနပ်မိရပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။