ချယ်လ်ဆီးအသင်း နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဖူလ်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အသင်းရဲ့ ညာခြမ်းခံစစ် ကစားသမား မယ်လို ဂူစတိုအနေနဲ့ သူရဲ့ ကစားပုံ ကြမ်းတမ်းမှုကြောင့် အနီကတ်ပြစ်ဒဏ်ပါ ပြသခံရကောင်း ခံသွားနိုင်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးရဲ့ ပြင်သစ် ညာနောက်ခံလူ ဂူစတိုဟာ ဖူလ်ဟမ်အသင်းရဲ့ ဘရာဇီးလ် ဝါရင့် တောင်ပံကစားသမားကြီး ဝီလီယံကို ပထမပိုင်း ပြီးခါနီးလောက်မှာ အဝင်ကြမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အဝါကတ်ပြား ပြသ သတိပေးခဲ့ပါတယ်။

Photo Credit : Sky Sports

ကွင်းလယ်ဒိုင် နဲ့ VAR ဒိုင်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဖူလ်ဟမ် နည်းပြ မားကို့ ဆေးလ်ဗားက လုံးဝ လက်မခံနိုင်ပဲ ချယ်လ်ဆီးအနေနဲ့ ကစားသမား (၁၀)ယောက်တည်းနဲ့သာ ပွဲကို ဆက်လက် ကစားသင့်တယ်လို့ပါ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဒီအခြေအနေမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကလည်း သူရဲ့ ကစားသမား ဂူစတိုအနေနဲ့ ဒီလို ကစားပုံ ကြမ်းတမ်းမှုမှာ အနည်းငယ် ကံကောင်းသွားခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ “ဒါက ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်လူကြီးတွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။”

Photo Credit : Sportskeeda

“ဒီလို အလားတူ ပုံစံမျိုးနဲ့လည်း ကျွန်တော်တို့တွေ ကစားသမား ထုတ်ခံရမှု တချို့ကို ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှတော့ မပြောလိုပါဘူး။ ဒါက အနီကတ် ဖြစ်သွားနိုင်တယ် ဆိုတာကိုတော့ ကျွန်တော် နားလည် လက်ခံပါတယ်။”

“ဒါပေမယ့်လည်း ကျွန်တော်က ဒီဖြစ်ရပ်ကို ရှုထောင့်ပေါင်းစုံကနေ သေသေချာချာ မမြင်ခဲ့ရတာကြောင့် သိပ်အများကြီးတော့ မပြောလိုပါဘူး။” လို့ ပိုချက်တီနိုက ဝန်ခံသွားခဲ့ပါတယ်။ ချယ်လ်ဆီးက ဒီပွဲမှာ ပထမပိုင်း ပြီးခါနီး ရရှိခဲ့တဲ့ ပင်နယ်တီ ကန်သွင်းခွင့်ကနေ ပါလ်မာ သွင်းယူခဲ့သော ပင်နယ်တီဂိုး တစ်ဂိုးတည်းနဲ့ပဲ ဖူလ်ဟမ်ကို ကပ်အနိုင်ရခဲ့ပါတယ်။