မနေ့ညက အိုလံပစ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ချယ်လ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်အတွင်း အိမ်ရှင်အသင်းက ကစားသမားတစ်ယောက်လျော့ အနေအထားနဲ့ ချယ်လ်ဆီးကို (၃)ဂိုး (၁)ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဒီလို ရလဒ်မျိုးက ရှင်းပြဖို့ ခက်တယ်လို့ ချယ်လ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။

ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းက (1-2) ဖြစ်သွားစေနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့သလို (2-1) နဲ့ ဦးဆောင်ခံရနေချိန်မှာလည်း ဝက်စ်ဟမ်းဘက်က အာဂတ်ဒ် ထုတ်ပယ်ခံလိုက်ရလို့ ကစားသမားတစ်ဦး သာသွားခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ (3-1) ဆိုတဲ့ ရလဒ်နဲ့သာ ရှုံးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး ချယ်လ်ဆီး နည်းပြ ပိုချက်တီနိုက “ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့လို အသင်းမျိုးတွေက အသင်းဟန်ချက် မှန်ကန် မျှတနေဖို့ လိုပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ ပွဲကို ကောင်းကောင်း မထိန်းချုပ်နိုင်ပဲ ဂိုးတွေ ခွင့်ပြုပေးခဲ့ရတဲ့ အခြေအနေတစ်ချို့ ရှိခဲ့တယ်။”

“ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်မှာ ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရခဲ့သင့်တယ်။ ဒုတိယပိုင်းမှာတော့ နောက်ထပ် အမှားတစ်ခုကနေ ဂိုးထပ်ပေးလိုက်ရတယ်။ နေရာလွတ်တွေနဲ့ ရှာဖို့နဲ့ clear chances တွေ ဖန်တီးဖို့ကလည်း ခက်ခဲလာတယ်။ အားလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ဒီလို ပွဲရလဒ်မျိုးက ရှင်းပြရ ခက်ခဲပါတယ်။”

 

Photo Credit : Football365

“ဘောလုံး ပိုင်ဆိုင်မှုတွေ ရှိခဲ့တယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ပြိုင်ဘက်ထက် ပိုကောင်းတဲ့ အသင်းတောင် ဖြစ်နေနိုင်တဲ့ အနေအထားမျိုးတွေမှာ ရှိနေပြီးမှ နောက်ဆုံးမှာ ရှုံးနိမ့်သွားခဲ့ရပြန်တယ်။” လို့ ညည်းတွား ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ဈေးအကြီးဆုံး ကစားသမား နှစ်ဦးဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ် နဲ့ မွိုက်စ် ကိုင်စီဒိုတို့က ဒီရှုံးပွဲမှာ အဓိက ပါဝင် ပတ်သက်နေကြပြီး အန်ဇိုက ကစားပုံ ကောင်းမွန်ပေမယ့် ပင်နယ်တီ ဝင်အောင် မကန်နိုင်ခဲ့သလို ကစားသမားသစ် ကိုင်စီဒိုကတော့ သူ့ကြောင့် ဝက်စ်ဟမ်းဘက်ကို ပင်နယ်တီကန်ခွင့် ပြုလိုက်ရပြီး ကစားပုံကလည်း အမှားအယွင်း များနေခဲ့ပါတယ်။