အမေရိကန် အမျိုးသားဘောလုံးအသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူနေတဲ့ မော်ရီစီယို ပိုချက်တီနိုက သူ့ရဲ့နည်းပြဘဝတစ်လျှောက်လုံးမှာ အမြဲတမ်း သင်ယူလိုစိတ်ရှိခဲ့ပြီး လက်ရှိတာဝန်အပေါ်မှာလည်း အလွန်နှစ်ခြိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။

သတင်းသမား Josep Pedrerol နဲ့ ပြုလုပ်ခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပိုချက်တီနိုက လီယွန်နယ် မက်ဆီ၊ နေမာ၊ ကီလီယန် အမ်ဘာပေနဲ့ အိန်ဂျယ် ဒီမာရီယာတို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခဲ့ရတဲ့ သူ့ရဲ့အတိတ်က အချိန်တွေအကြောင်းကို ပြန်လည်ပြောပြသွားခဲ့ပါတယ်။

Photo Credit : Tribuna

သူက အဆိုပါကာလဟာ “ဒီနေ့ကျွန်တော်ဖြစ်နေတဲ့ နည်းပြတစ်ယောက်အဖြစ် ပုံသွင်းပေးခဲ့တယ်။” လို့ ပြောကြားခဲ့ပြီး မက်ဆီ၊ အမ်ဘာပေနဲ့ နေမာတို့လို ကစားသမားတွေကို ကိုင်တွယ်ခဲ့ရတာကြောင့် အသင်းရဲ့ အကောင်းဆုံးအကျိုးစီးပွားအတွက် လျင်မြန်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်လာခဲ့တယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

“ပီအက်စ်ဂျီမှာ ကျွန်တော်သင်ယူခဲ့ရတာက အဲဒီလို ထိပ်တန်းအဆင့် ကစားသမားတွေရဲ့ တာဝန်ဝတ္တရားတွေက ဘာလဲဆိုတာကို နားလည်ဖို့ပါပဲ။ ဥပမာပြောရရင် အမ်ဘာပေလို ကစားသမားတစ်ယောက်ကို ပြိုင်ဘက်ကို အထိနာစေမယ့် မှန်ကန်တဲ့နေရာမှာ ထားတတ်ဖို့လိုတယ်။ သူ့ကို ခံစစ်လိုက်ကစားခိုင်းတာ ဖိအားပေး ကစားခိုင်းတာတွေ လုပ်ခိုင်းရင် သူ့ရဲ့အကောင်းဆုံးအရည်အသွေးဖြစ်တဲ့ ဂိုးသွင်းယူနိုင်စွမ်းကို သင်က ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ။” လို့ သူက ရှင်းပြခဲ့ပါတယ်။

Photo Credit : beIN SPORTS

အမေရိကန်အသင်းနည်းပြ ပိုချက်တီနိုက အဆိုပါ တိုက်စစ်သုံးယောက်တွဲကို နောက်တစ်ကြိမ်ပြန်လည်ကိုင်တွယ်ဖို့ လုံးဝဝန်လေးမှာမဟုတ်ဘူးလို့ ဆိုခဲ့ပြီး အခုအချိန်မှာဆိုရင် သူရော ကစားသမားတွေပါ ပိုပြီးပြင်ဆင်မှုကောင်းကောင်းနဲ့ အတူတကွလက်တွဲနိုင်ပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ “မက်ဆီ၊ အမ်ဘာပေနဲ့ နေမာတို့ရှိတဲ့ အသင်းကို ကျွန်တော်ပြန်သွားချင်ပါတယ်။ အခု ကျွန်တော့်မှာရှိနေတဲ့ အတွေ့အကြုံနဲ့ဆိုရင် သူတို့ကို ဒီထက်ပိုပြီး ပေးဆပ်နိုင်ခဲ့မှာ သေချာပါတယ်။ သူတို့ကလည်း ကျွန်တော့်ကို ပိုသိသွားတဲ့အတွက် ကျွန်တော်တို့ကို ပိုပြီး လိုက်ဖက်ညီတဲ့ အသင်းတစ်သင်းဖြစ်အောင် ဖန်တီးနိုင်ခဲ့မှာပါ။” လို့ သူက ရှင်းပြခဲ့ပါတယ်။

ပိုချက်တီနိုက မက်ဆီ ပြင်သစ်မှာရှိစဉ် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ “လီယို (မက်ဆီ) ရဲ့ အခြေအနေကို ပြောရရင် ပြင်သစ်က သူ့အတွက် အလွန်ရန်လိုတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူက ရာသီကြိုပြင်ဆင်မှုမရှိဘဲ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်အကြီးကြီး (ဘာစီလိုနာမှ ထွက်ခွာခဲ့ရခြင်း) နဲ့ ရောက်လာခဲ့တာဖြစ်လို့ လွယ်ကူခဲ့မှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ဒါကိုမြင်ရတာ နာကျင်စရာကောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်က သူ့အပေါ်မှာ မကောင်းခဲ့ဘူး၊ အရမ်းကို ပြင်းထန်တဲ့ ဖိအားတွေရှိခဲ့တယ်။ ဒါပေမဲ့ သူနဲ့အတူတူ ရှိခွင့်ရခဲ့တာကိုတော့ ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်” လို့ ပိုချက်တီနိုက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။