ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၀ ရှက်ဖီးလ် ယူနိုက်တက် ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ဘာကြောင့် ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့ရသလဲ ဆိုတာ ပွဲပြီးအင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ပွဲစဉ်(၁၇) အဖြစ် ရှက်ဖီးလ် ယူနိုက်တက်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ ပါလ်မာ ၊ ဂျက်ဆန် စတဲ့ တိုက်စစ် ကစားသမားတွေရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ ပိုချက်တီနိုက ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် သုံးကာ ခေါ်ယူထားခဲ့တဲ့ ကြယ်ပွင့် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို အရန်ခုံ ပို့ခဲ့ပြီး ကိုင်စီဒိုနဲ့ ဂါလက်ချာတို့ကို ကွင်းလယ်ဗဟို ပို့ကာ ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ် မပါဝင်တဲ့ ချယ်လ်ဆီးရဲ့ ကစားဟန်က အတော်လေးကို ကောင်းခဲ့သလို ပြိုင်ဘက်ရဲ့ ကွင်းလယ်ကို ပွဲချိန်ပြည့် စိုးမိုးနိုင်ခဲ့ပြီး ချယ်လ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှု ၇၈ရာခိုင်နှုန်း အထိ ရခဲ့သလို ဂိုးကန်သွင်းခွင့် ၁၅ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီး ၂-၀ ရှက်ဖီးလ် ယူနိုက်တက် ပွဲအပြီးမှာတော့ ပိုချက်တီနိုက သူဟာ ကစားသမား ၁၁ဦးကို ပွဲထုတ်နိုင်တာကြောင့် အန်ဇို ဖာနန်ဒက်ဇ်ကို အရန်ခုံ ပို့ခဲ့တာ ဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့် ကစားသမား အတွဲအဖက်တွေကို အသုံးပြုခဲ့တာ ဖြစ်ကြောင်း ပြောရင်း အန်ဇို ဖာနန်ဒက်ဇ်ကို ယခင်ထက် ပိုကြိုးစားဖို့ သတိပေးသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “နည်းပြတယောက်က ကစားသမား ၁၁ယောက်ကိုပဲ ပွဲထုတ်လို့ ရပါတယ်။ အသင်းမှာ ကြီးမားတဲ့ ပြိုင်ဆိုင်မှု ရှိပြီး တခါတလေကျရင် မသုံးဖူးတဲ့ အတွဲအဖက် ၊ မသုံးဖူးတဲ့ ကစားသမားကို သုံးဖို့ လိုအပ်ပါတယ်။ ပြီးတော့ စိတ်ဓာတ်ကောင်းတဲ့ ကစားသမားတွေကို ရွေးရပါမယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ကိုင်စီဒိုနဲ့ ဂါလက်ချာရဲ့ အတွဲအဖက်ကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ ပါလ်မာကို နံပါတ်၁၀နေရာမှာ သုံးခဲ့တယ်။ သူတို့သုံးယောက်ရဲ့ အတွဲအဖက်က ကျွန်တော်တို့အတွက် ဒီနေ့မှာ အကောင်းဆုံး အတွဲအဖက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက လာမယ့် အင်္ဂါနေ့မှာ ဒီလိုပဲ ထပ်ကစားဦးမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အဲ့ဒီပွဲကျရင် အန်ဇိုနဲ့ ကစားသမား တယောက်က ပွဲထွက်ပြီး တခြား ကစားသမားက အရန်ခုံ ထိုင်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ အန်ဇို ဖာနန်ဒက်ဇ်ကို ဘာကြောင့် အရန်ခုံ ပို့ရသလဲ ဆိုတာ ရှင်းပြသွားခဲ့တာပါ။