ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲမှာ ဗီလာကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ စည်းစည်းလုံးလုံး ရှိနေဆဲပဲလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် ဖလားပြိုင်ပွဲတွေမှာတော့ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်ပြီး ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ပါတယ်။

Photo Credit: Standard

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာနဲ့ ချယ်လ်ဆီးတို့ရဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး ဖလားပွဲတွေမှာ ပိုခြေစွမ်းပြတတ်တဲ့ ချယ်လ်ဆီးက အိမ်ရှင် ဗီလာထက် ကစားပုံရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုမို သာလွန်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၁မိနစ်မှာ ဂါလက်ချာ ၊ ပွဲချိန် ၂၁မိနစ်မှာ ဂျက်ဆန်နဲ့ ပွဲချိန် ၅၄မိနစ်တို့မှာ အန်ဇို ဖာနန်ဒက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အိမ်ရှင် ဗီလာအတွက် နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲချိန် ၉၀+၁မိနစ်မှာ ဒီယာဘီက သွင်းယူပေးသွားခဲ့တာပါ။

Photo Credit: Chelsea FC

ချယ်လ်ဆီးက အဝေးကွင်းမှာ ဗီလာကို အနိုင်ရခဲ့တာကြောင့် အက်ဖ်အေဖလားရဲ့ ၁၆သင်းအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး ၁၆သင်းအဆင့်မှာတော့ ချယ်လ်ဆီးက ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ဗီလာ ၁-၃ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက ကစားသမားတွေ အားလုံးဟာ အသင်းအတွက် ၊ ပရိသတ်တွေ အတွက် ၊ နည်းပြအဖွဲ့ဝင်တွေ အတွက် ကြိုးစား ကစားပေးခဲ့ကြကြောင်း ပြောကြားလာပါတယ်။ ပိုချက်တီနိုက – “ဒီနေ့ညမှာ ကျွန်တော်တို့အသင်းက စည်းလုံးခဲ့ပါတယ်။ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ အတွက် တိုက်ပွဲဝင်ပေးခဲ့ကြတယ်။ ကျွန်တော်တို့က ပရိသတ်တွေ အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ကျွန်တော်တို့က အသင်းရဲ့ တံဆိပ်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ နည်းပြအဖွဲ့ဝင်တွေ အတွက် တိုက်ပွဲဝင်ပေးခဲ့ကြပါတယ်။ ဒီနေ့ပွဲရဲ့ ခြေစွမ်းက ကျွန်တော်တို့ရဲ့ ဒီရာသီ အကောင်းဆုံးခြေစွမ်းတောင် ဖြစ်နေနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။