ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမယ့်ပွဲမှာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို သတိထား ကစားဖို့ အသင်းရဲ့ ခံစစ်မှူးတွေကို သတိပေးသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့နဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အပြီးမှာ ၅ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၅ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးနဲ့အတူ အဆင့်(၁၀) နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: MEN

တဖက်မှာလည်း တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်နဲ့ပဲ လက်ပြ နှုတ်ဆက်ရဖို့ ရာခိုင်နှုန်း များနေသလို ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အပြီးမှာ ၈ပွဲနိုင် ၊ ၆ပွဲရှုံး ဆိုတဲ့ မှတ်တမ်းနဲ့အတူ အဆင့်(၇) နေရာကို ရောက်ရှိနေတာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အတွက် တိုက်ပွဲဝင်နေတာကြောင့် ထိပ်ဆုံး ၄သင်းနဲ့ ရမှတ်တွေ ထပ်မပြတ်သွားဖို့ လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရအောင် ကြိုးစားဖို့ လိုအပ်နေပြီး ဒီနေ့ညမှာတော့ သူတို့နှစ်သင်းက ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။

Photo Credit: Caught Offside

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ကြဖို့ ရှိနေပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူတို့အသင်းဟာ ဒီပွဲမှာ ရလဒ်ကောင်း ရချင်ရင် ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “မန်ချက်စတာ ယူနိုက်တက်မှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့မှာ လျင်မြန်တဲ့ တိုက်စစ် ကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော်တို့က သူတို့ကို တန်ပြန်တိုက်စစ် ကစားခွင့် ပေးလို့ မရပါဘူး။ ကျွန်တော်တို့က ဘောလုံးကို ထိန်းချုပ် ကစားနေတဲ့ အချိန်မှာ ဘောလုံး မဆုံးရှုံးအောင် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ်နဲ့ ဂါနာချိုတို့လို တန်ပြန်တိုက်စစ်မှာ အားကောင်းတဲ့ ကစားသမားတွေကို သုံးပြီး ကျွန်တော်တို့ကို ဒုက္ခပေးနိုင်တာကြောင့် ကျွန်တော်တို့က ဉာဏ်ကောင်းကောင်းနဲ့ ကစားနိုင်မှပဲ အဆင်ပြေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။