မန်ချက်စတာ စီးတီးအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဂျူလီယန် အယ်လ်ဗာရက်ဇ်က ကလပ်အသင်းမှာ အာလင်း ဟာလန်း နိုင်ငံအသင်းမှာ လီယွန်နယ် မက်ဆီတို့နဲ့ တွဲဖက် ကစားနေရတာက သူ့အတွက်တော့ အိမ်မက်တစ်ခုလိုပဲလို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးနဲ့ ဆုဖလား (၃)လုံး ရယူနိုင်ခဲ့တဲ့အပြင် အာဂျင်တီးနားအသင်းနဲ့ပါ ၂၀၂၂ ကမ္ဘာ့ဖလားကြီးလည်း ရယူနိုင်ခဲ့တဲ့အထိ ကစားသမားဘဝအတွင်း ပြီးပြည့်စုံတဲ့ ဆုဖလား အောင်မြင်မှုတွေ အစုံအလင်ကို တစ်ရာသီတည်း ရယူနိုင်ခဲ့ပါတယ်။
လက်ရှိမှာ အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်ဟာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ရေးဗားပလိတ်မှာကတည်းက ဆုဖလားတွေကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
“အကောင်းဆုံးသော ကစားသမားတွေနဲ့ တွဲကစားရတာ လေ့ကျင့်ခန်း အတူဆင်းရတာတွေက ကိုယ့်ကို အများကြီး ပိုကောင်းစေရပြီး သူတို့ဆီကနေလည်း သင်ယူမှုတွေ အများကြီး လုပ်နိုင်ပါတယ်။ သူတို့တွေထဲမှာ ကစားသမားတစ်ဦး အဖြစ်နဲ့ရော လူသားတစ်သား အဖြစ်နဲ့ပါ ရှင်သန်နေရတာက အိမ်မက်တစ်ခု မက်နေရသလိုပါပဲ” လို့ အယ်လ်ဗာရက်ဇ် ဝန်ခံ ပြောဆိုခဲ့ပါတယ်။
Photo Credit : Opta Analyst
တိုက်စစ်နေရာအစုံမှာ လိုက်ပါကစားနိုင်သူ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကမှ မန်စီးတီးအတွက် ပွဲဦးထွက် ကစားခဲ့ရပြီး ပြိုင်ပွဲစုံ (၄၉)ပွဲထိ ကစားခဲ့ရရင်း (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း (၁၇)ပွဲကစား (၇)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ခြေစွမ်းကောင်းမွန်သူ ဘောလုံးအရည်အသွေးရှိသူ အယ်လ်ဗာရက်ဇ်ကို အာဂျင်တီးနား နည်းပြ စကာလိုနီက ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက် ရွေးချယ်သွားခဲ့ရာ အယ်လ်ဗာရက်ဇ် သူရဲ့ ပွဲဦးထွက် ကမ္ဘာ့ဖလားမှာပဲ အသင်းကို ဆုဖလား ရယူပေးခဲ့ပြီး ကိုယ်တိုင်ပါ သွင်းဂိုး (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။