မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်က သူ့အတွက် ငွေကြေးက ကြီးမားတဲ့ အရာဖြစ်ပေမယ့်လည်း ယူနိုက်တက်အတွက် ကစားပေးရဖို့ကတော့ သူရဲ့ တစ်ခုတည်းသော အိမ်မက်တစ်ခုပါပဲလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ဒီနှစ်ဘောလုံးရာသီထဲ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ပါ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၃၂)ပွဲ ကစားထားပြီးချိန်မှာတောင် သူရဲ့ စုစုပေါင်း သွင်းဂိုးက (၅)ဂိုးသာ ရှိနေတဲ့အထိ အတော်လေးကို ခြေစွမ်းကျဆင်းနေခဲ့ရပါတယ်။

Photo Credit : Reuters

ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ဂိုးပေါင်း (၃၀)အထိ သွင်းယူထားနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်က အခုရာသီမှာ (၅)ဂိုးလေးသာ သွင်းယူနိုင်တဲ့အပေါ် အသင်းပရိသတ်တွေကပါ ဝေဖန်နေကြပြီး ရပ်ရှ်ဖို့ဒ်ရဲ့ အသင်းအတွက် သေသေချာချာ ကစားမပေးနိုင်မှုနဲ့ မေးခွန်းထုတ်စရာ body language တွေကိုလည်း အများအပြားက ဝေဖန်နေကြပါတယ်။

ဒီလို ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ရပ်ရှ်ဖို့ဒ်ဘက်က ပြန်လည် တုံ့ပြန်ထားပြီး မီဒီယာတွေကနေ သူ့အကြောင်း ဖော်ပြနေမှု တော်တော်များများက အမှားအယွင်းတွေဖြစ်ကာ လိုတာထက် ပိုမိုပြီး ချဲ့ကား ရေးသားနေကြတာဖြစ်ကြောင်း အင်တာဗျူး အစီအစဉ်ထဲ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : beIN SPORTS

နောက်ပြီး သူဟာ ယူနိုက်တက်အတွက် အင်ပြည့်အားပြည့် သေချာ မကစားပေးနိုင်ပဲ မြင့်မားတဲ့ လစာတွေကိုသာ သာသာယာယာ ရယူနေတာဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ရပ်ရှ်ဖို့ဒ်က “ငွေကြေးက အရမ်းကောင်းမွန်ပါတယ်။ ဒါက ကောင်းချီးတစ်ခုပါပဲ။ ဒါပေမယ့် အိမ်မက်တွေကတော့ ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်ပါဘူး။”

“ကျွန်တော့်အတွက်ကတော့ အသက် (၁၁)နှစ်မှာတင် ဒီအသင်းအတွက် ကစားပေးခဲ့ရတာမှာမို့ ယူနိုက်တက်အသင်းအတွက် ကစားပေးရဖို့က ကျွန်တော်ရဲ့ တစ်ခုတည်းသော အိမ်မက်ပါပဲ။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။