ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ဗဟိုနောက်ခံလူဟောင်း ဂျာရတ် ပီကေးဟာ သူ့အသင်းဟောင်းရဲ့ လက်ရှိနည်းပြချုပ် အဲရစ် တန်ဟက်ဂ်ဟာ နည်းပြကောင်း တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် စပိန်လက်ရွေးစင်ဟောင်း ဂျာရတ် ပီကေးက သူ့ရဲ့ ကစားသမား ဘဝ အအောင်မြင်ဆုံးအချိန်တွေကို ဘာစီလိုနာနဲ့အတူ ဖြတ်သန်းခဲ့တာ ဖြစ်ပေမယ့် ဥရောပမြေမှာ ပီကေး ဆိုတဲ့ နာမည်တလုံး ရလာအောင် စင်တင်ပေးခဲ့တဲ့ အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ပါတယ်။

Photo Credit: Express

ပီကေးက ၂၀၀၄ခုနှစ် ကနေ ၂၀၀၇ခုနှစ် အထိ မန်ချက်စတာ ယူနိုက်တက်မှာ ကစားကာ ဥရောပမြေမှာ တက်သစ်စ ဗဟိုခံစစ်မှူး အဖြစ် နာမည်ရလာခဲ့တာ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

ပီကေးက မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲတွေ အများကြီး မကစားပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ နှလုံးသားထဲမှာ မန်ချက်စတာ ယူနိုက်တက်ဟာ အမြဲတမ်း ရှိနေခဲ့ပြီး သူက အခွင့်အခါသင့်တိုင်း ယူနိုက်တက်ရဲ့ အကြောင်းတွေ ပြောလေ့ ရှိသလို သူ့ကို ယူနိုက်တက်ဆီ ခေါ်ကာ အောင်မြင်တဲ့ ဘောလုံးသမား ဖြစ်လာအောင် လမ်းပြပေးခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ကိုလည်း ဒုတိယအဖေလို့ သတ်မှတ်ထားပါတယ်။

Photo Credit: Sky Sports

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပီကေးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှု တချို့ လုပ်ခဲ့ပြီး ပီကေးက တန်ဟက်ဂ်ဟာ ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်မလား ဆိုတာ အတိအကျ မသိပေမယ့် တန်ဟက်ဂ်ဟာ အရမ်းတော်တဲ့ နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ပီကေးက – “ကျွန်တော်က အရမ်းတော်တဲ့ နည်းပြတဦးလို့ ယုံကြည်နေဆဲပါပဲ။ တန်ဟက်ဂ်က ဒီရာသီမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်မလား ဆိုတာ မပြောနိုင်ပေမယ့် လီဗာပူးကို အနိုင်ရခဲ့တဲ့ နိုင်ပွဲဟာ အတော်လေး ကောင်းပါတယ်။ အဲ့ဒီလို နိုင်ပွဲမျိုးက ကစားသမားတွေကို ရာသီကုန် အထိ ခွန်အားအပြည့်နဲ့ ရှေ့ဆက်နိုင်အောင် ကူညီပေးနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။