ပူပူနွေးနွေး ယူရိုပါလိဂ် ချန်ပီယံ အတ္တလန်တာရဲ့ နည်းပြချုပ် ဖြစ်သူ ဂတ်စ်ပါရီနီက သူတို့အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တရာသီလုံး ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ကို ၃-၀ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရကာ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခဲ့လို့ အရမ်းကို ဂုဏ်ယူမိတယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ဂတ်စ်ပါရီနီ ဦးဆောင်နေတဲ့ အတ္တလန်တာနဲ့ ဇာဘီ အလွန်ဆို ဦးဆောင်နေတဲ့ လေဗာကူဆင်တို့က အိုင်ယာနိုင်ငံမှာ ရှိတဲ့ နာမည်ကျော် Aviva Stadiumထဲမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး ဗိုလ်လုပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Sky Sports

အလွန်ဆိုရဲ့ လေဗာကူဆင်က ဒီရာသီမှာ ရှုံးပွဲ တပွဲမှ မကြုံသေးတာကြောင့် လူအများစုက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း လေဗာကူဆင်ကပဲ အနိုင်ရ ဗိုလ်စွဲသွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာ အတ္တလန်တာရဲ့ မာကျော ကျစ်လျစ်တဲ့ ကစားဟန်နဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေက လေဗာကူဆင်ကို တရစပ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

အတ္တလန်တာ ၃-၀ လေဗာကူဆင် ပွဲစဉ်မှာ အတ္တလန်တာ အတွက် အနိုင်ဂိုး ၃ဂိုးစလုံးကို နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားသွားခဲ့တဲ့ လွတ်ခ်မန်း တဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အတ္တလန်တာက သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ဥရောပဆုဖလားကို ပိုင်ဆိုင်ခွင့် ရခဲ့သလို အတ္တလန်တာနည်းပြချုပ် ဂတ်စ်ပါရီနီကလည်း သူ့ရဲ့ ရှည်လျားလှတဲ့ နည်းပြသက်တမ်း တလျှောက် ပထမဦးဆုံး ဆုဖလားကို ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ကို အနိုင်ပိုင်းပြီး ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဂတ်စ်ပါရီနီက သူတို့အသင်းဟာ လီဗာပူး ၊ လေဗာကူဆင်တို့လို ထိပ်သီးအသင်းတွေကို အနိုင်ယူကာ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ခွင့် ရခဲ့လို့ အရမ်းကို ဂုဏ်ယူမိကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားလာပါတယ်။

ဂတ်စ်ပါရီနီက – “ကျွန်တော်တို့က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲရုံပဲ ဗိုလ်စွဲခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ယူရိုပါလိဂ်ဖလားကို ဘယ်လိုမျိုး ရယူခဲ့သလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့က လီဗာပူးကို သူတို့တွေ ပရီးမီးယားလိဂ်ဇယားရဲ့ အဆင့်(၁)နေရာကို ရခဲ့တဲ့ အချိန်မှာ အနိုင်ယူခဲ့ပါတယ်။ ပြီးတော့ ပေါ်တူဂီရဲ့ အဆင့်(၁) စပို့တင်း လစ္စဘွန်း ၊ အခု ဂျာမဏီရဲ့ အဆင့်(၁) လေဗာကူဆင်…။ ကျွန်တော်တို့က ထိပ်သီးအသင်းတွေကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့တဲ့ အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ပြုံးပြုံးကြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။