ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ ပြင်သစ်တို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပီတစ်က သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ ဇနက်ဒင်း ဇီဒန်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ချက်ကျလက်ကျ ရှင်းပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယခုနှစ် ရာသီအစကမှ နည်းပြဟောင်း တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို ပေါင် ၅၀သန်း ဝန်းကျင် အကုန်အကျခံကာ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ချယ်လ်ဆီးရဲ့ နည်းပြအပြောင်းအလဲက အလုပ်မဖြစ်ခဲ့ပဲ ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ တောက်လျှောက်ဆိုသလို ရလဒ်တွေ ဆိုးဝါးနေခဲ့ပြီး ချယ်လ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာအပေါ် စိတ်ရှည် သည်းခံမှု လျော့နည်းလာတာကြောင့် ရလဒ်တွေသာ ဆက်လက် ဆိုးဝါးနေမယ် ဆိုရင် ပေါ်တာကို နည်းပြရာထူး ကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပါတယ်။

ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို ရာထူးကနေ ထုတ်ပယ်ပြီးရင် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားသွားဖွယ် ရှိနေပြီး ဇီဒန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦး ဖြစ်သူ ပီတစ်ကတော့ ဇီဒန်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကို သဘောမကျတာကြောင့် ချယ်လ်ဆီးနည်းပြရာထူးကို ရယူမှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ပီတစ်က – “ကျွန်တော့်ရဲ့ စကားတွေက မှားကောင်း မှားသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဇီဒန်းဟာ ချယ်လ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ မထင်ပါဘူး။ ဇီဒန်းက အင်္ဂလိပ်စကားကို မပြောတတ်ပါဘူး။ သူက အင်္ဂလိပ်စကားကို သင်ကောင်း သင်နိုင်ပေမယ့် ကစားသမားတွေနဲ့ ဆက်သွယ်ဖို့ ၊ သူ လိုချင်တဲ့ ကစားပုံနဲ့ နည်းစနစ်တွေ အကြောင်း ရှင်းပြဖို့ ဆိုရင် သူက အင်္ဂလိပ်စကားကို ရေရေလည်လည် ပြောတတ်ဖို့ လိုပါတယ်။ ဇီဒန်းက အမြဲတမ်းလိုလို ကစားသမားတွေနဲ့ နီးနီးစပ်စပ် နေတတ်တဲ့ နည်းပြမျိုးပါ။ ဒါကြောင့် သူက ဘာသာစကား အဆင်ပြေမယ့် အလုပ်တွေကိုပဲ လက်ခံနိုင်ပါတယ်။ ပြီးတော့ ဘောလုံးပရိသတ် တချို့ရဲ့ ဇီဒန်းဟာ ပရီးမီးယားလိဂ်ဆီ ပြောင်းလာဖို့ စိတ်ကူးမရှိတာကြောင့် ဇီဒန်းကို နည်းပြသစ် မခန့်သင့်ဘူးလို့ ပြောတဲ့ စကားတွေကိုလည်း ကျွန်တော် လက်ခံပါတယ်။ ဇီဒန်းက နည်းစနစ်ပိုင်း အားပြိုင်တဲ့ လိဂ်တွေမှာပဲ နည်းပြလုပ်ချင်တဲ့ လူစားမျိုးပါ။ ဇီဒန်းက ကစားသမားဘဝမှာရော ၊ နည်းပြဘဝမှာပါ နည်းစနစ်ပိုင်း ပြည့်ဝသူပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။