ပြင်သစ် ကစားသမားဟောင်းကြီး အီမန်နူရယ် ပီတစ်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ဟာ ပြည်တွင်းလိဂ်မှာ ရာသီတစ်ခုလုံး ခြေစွမ်းဆိုးရွားခဲ့တာကြောင့် ယူရိုပါလိဂ်ဖလားကို ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရသွားမယ်ဆိုရင်တောင် အဲ့ဒီဝင်ခွင့်နဲ့ မထိုက်တန်ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ပရီးမီးယားလိဂ်မှာ စပါးအသင်းက အဆင့်(၁၆) ယူနိုက်တက်က အဆင့်(၁၄)ဆိုတဲ့ အခြေအနေဆိုးတွေနဲ့ ရုန်းကန်နေရပေမယ့် အသင်းနှစ်သင်းလုံးဟာ ဥရောပ ဒုတိယအဆင့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာတော့ ဗိုလ်လုပွဲတက်ဖို့ မိနစ်(၉၀)အကွာကို ရောက်ရှိနေကြပါပြီ။ စပါးအသင်းဟာ နော်ဝေကလပ် ဘိုဒို/ဂလင့်ကို အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ ၃-၁ နဲ့ အနိုင်ရထားပြီး ယူနိုက်တက်ကလည်း အဝေးကွင်းမှာ ဘီလ်ဘာအို ကို ၀-၃ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူထားပါတယ်။
Photo Credit : Goal
စပါးအသင်းနည်းပြ အန်ဂီ ပိုစတီကိုဂလူးကတော့ ယူရိုပါလိဂ်ဖလားသာ ဆွတ်ခူးနိုင်ခဲ့ရင် အသင်းရဲ့ ဆိုးရွားနေတဲ့ ဒီရာသီကို အောင်မြင်တဲ့ရာသီအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ပီတစ်ကတော့ ဒီအပေါ်မှာ သဘောမတူပါဘူး။ သူက ယူနိုက်တက်ဖြစ်စေ စပါးဖြစ်စေ ယူရိုပါလိဂ်ဖလားရရုံနဲ့ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ကို ဖြတ်လမ်းနည်းသုံးပြီး ဝင်ခွင့်ရတာမျိုးက မဖြစ်သင့်ဘူး မထိုက်တန်ဘူးလို့ ပယ်ချခဲ့ပါတယ်။
FastSlots နဲ့ အင်တာဗျူးမှာ ပီတစ်က “စပါးနဲ့ မန်ယူနိုက်တက်တို့ နှစ်သင်းလုံး ယူရိုပါလိဂ်ကနေ သူတို့ရဲ့ ဆိုးရွားတဲ့ရာသီကို ကယ်တင်ဖို့ အခွင့်အရေးရှိနေတယ်။ ဒါပေမဲ့ သူတို့ နောက်ရာသီ ချန်ပီယံလိဂ်မှာ ကစားဖို့ ထိုက်တန်လို့လား။ ကျွန်တော်ပြောရဲတယ်။ လုံးဝ မထိုက်တန်ဘူး။ နှစ်သင်းလုံး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ မတန်ဘူး။ ယူနိုက်တက်အတွက် ဘီလ်ဘာအိုနဲ့ပွဲမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမဲ့ လိုင်ယွန်နဲ့ပွဲကို ပြန်ကြည့်ရင် လိုင်ယွန်က ယူနိုက်တက်ကို အပြတ်တောင် နိုင်သွားသင့်တာ။ စပါးကတော့ အံ့အားသင့်စရာတစ်ခုခု လုပ်ပြနိုင်လောက်ပေမယ့် ဒီရာသီ စပါးနဲ့ ယူနိုက်တက်ဆီက ကျွန်တော် ဘာမှကို မမျှော်လင့်ထားဘူး။ ရိုးရိုးသားသားပြောရရင် ဒီနှစ်သင်းထဲက တစ်သင်းသင်းသာ ယူရိုပါလိဂ်ဖလားရသွားရင် ဒါဟာ မတရားဘူးလို့ ထင်တယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : BBC
ပီတစ်ရဲ့ ဝေဖန်မှုတွေရှိနေပေမဲ့လည်း မန်ယူနဲ့ စပါးတို့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံဖို့ ဖြစ်နိုင်ခြေကတော့ အပြည့်အဝ ရှိနေဆဲပါ။ ပထမအကျော့မှာ သုံးဂိုးပြတ် အနိုင်ရထားတဲ့ ယူနိုက်တက်ကတော့ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘီလ်ဘာအိုကို အပြီးသတ် အနိုင်ယူဖို့ အခြေအနေကောင်းနေပါတယ်။ စပါးကတော့ ဘိုဒို/ဂလင့်ရဲ့ အိမ်ကွင်းမှာ အဝေးကွင်းဖိအားကို ကျော်လွှားပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ လိုအပ်ပါလိမ့်မယ်။ နော်ဝေကလပ် ဘိုဒို/ဂလင့်ဟာ အရင် ဥရောပပြိုင်ပွဲတွေမှာ အသင်းကြီးတွေကို အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် စပါးအတွက် ပထမအကျော့က (၂)ဂိုးအသာကတော့ အားသာချက်တစ်ခု ဖြစ်နေပါတယ်။
တကယ်လို့ နှစ်သင်းလုံးသာ ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ယူရိုပါလိဂ်ဖလားနဲ့အတူ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတဲ့ ရွှေလက်မှတ်တစ်စောင်ကို လုယူကြမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ စိတ်လှုပ်ရှားဖွယ် ဗိုလ်လုပွဲကြီးကို ရှုစားကြရမှာ ဖြစ်ပါတယ်။