ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ပီတစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ့် ဂျာမဏီနည်းပြ ယာဂင် ကလော့ပ်က သူ့ရဲ့ ဆရာဟောင်း အာဆင်ဝင်းဂါးထက် ပိုတော်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှာ ဒေါ့မွန်ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးကို အထည်ကြီးပျက်ဘဝ ကနေ ဥရောပချန်ပီယံ ၊ ကမ္ဘာ့ချန်ပီယံ ၊ အင်္ဂလန်ချန်ပီယံ စတဲ့ ဂုဏ်ပုဒ်တွေ ရရှိအောင် အကောင်းဆုံး ဦးဆောင် လမ်းပြပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

တဖက်မှာတော့ အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးက ၁၉၉၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ အာဆင်နယ်ကို စုစုပေါင်း ၂၃နှစ်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အာဆင်ဝင်းဂါးကလည်း အာဆင်နယ်ကို ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းအဆင့် ကနေ ကမ္ဘာတလွှားမှာ အကျော်ကြားဆုံး ဘောလုံးအသင်းတွေထဲက တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။

အာဆင်ဝင်းဂါးက အာဆင်နယ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ တလုံးထဲသာ ရှိတဲ့ ရွှေဖလားကို (ရှုံးပွဲမရှိစံချိန်) အရယူပေးခဲ့သလို ဝင်ငွေမှန်သမျှကို ကျစ်ကျစ်ပါအောင် စုကာ အိမ်ကွင်း အမ်းမရိတ်ကို တည်ဆောက်နိုင်အောင် အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ အာဆင်ဝင်းဂါးက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်နည်းတူ ပရီးမီးယားလိဂ်ရဲ့ အရှိန်အဝါ အကြီးဆုံး နည်းပြကြီး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း ပီတစ်ကတော့ ကလော့ပ်ဟာ ဥရောပ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ခဲ့တာကြောင့် အာဆင်ဝင်းဂါးထက် ပိုတော်တယ်လို့ ဆိုလာပါတယ်။

ပီတစ်က – “ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရထားတဲ့ ကလော့ပ်က အာဆင်ဝင်းဂါးထက် ပိုသာတယ် ဆိုတာကို ခင်ဗျားတို့တွေ လက်ခံနိုင်ရပါမယ်။ ဒါ့အပြင် ကလော့ပ်က အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတွေကိုလည်း ရခဲ့ပါသေးတယ်။ ဝင်းဂါးက အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ကြိမ် ရဖူးသလို လူတိုင်း မှတ်မိနေတဲ့ ရွှေဖလားကြီးကိုလည်း ရခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝင်းဂါးက ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလား ရှိခြင်း ၊ မရှိခြင်းက သူတို့နှစ်ဦးမှာ ဘယ်သူက ပိုသာလဲ ဆိုတာကို အဆုံးအဖြတ် ပေးတဲ့ အရာပါ” လို့ ပြောကြားသွားခဲ့တာပါ။