ဒီနွေဈေးကွက်အတွင်း ချယ်လ်ဆီးအသင်းဆီကို အသီးသီး ပြောင်းရွှေ့ခဲ့ကြတဲ့ မွိုက်စ် ကိုင်စီဒို နဲ့ ရိုမီရို လာဗီယာတို့ ကွင်းလယ် ကစားသမား (၂)ဦးဟာ ချယ်လ်ဆီးထက် လီဗာပူးလ်အသင်းကိုပဲ ရွေးချယ်သင့်တယ်လို့ ကစားသမားဟောင်း အီမန်နူရယ် ပီတစ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ကိုင်စီဒို နဲ့ လာဗီလာတို့ဟာ လီဗာပူးလ် နဲ့ ချယ်လ်ဆီးအသင်းတွေရဲ့ ပစ်မှတ် ကစားသမားတွေဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဒီ ကွင်းလယ်လူတွေက ချယ်လ်ဆီးအသင်းဆီကိုသာ ပြောင်းရွှေ့ထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : FourFourTwo

ဒါပေမယ့် ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အာဆင်နယ် နဲ့ ချယ်လ်ဆီး ကစားသမားဟောင်းကြီး ပီတစ်က “ကိုင်စီဒိုက လာဗီလာလိုပဲ လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်နေချိန်မှာပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တယ်။ ဒါကို မိုက်မဲတယ်လို့လည်း ကျွန်တော် မပြောလိုဘူး။”

“ဒါပေမယ့် သူတို့တွေ ဘာကြောင့် ချယ်လ်ဆီးကို သွားကြတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ အားကစားပိုင်းအရဆိုရင် ဒီအချိန်မှာ လီဗာပူးလ်ဆီ သွားလိုက်တာက အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော်သာ ကိုင်စီဒို ဒါမှမဟုတ် လာဗီလာသာဆိုရင်တော့ ချယ်လ်ဆီးထက် လီဗာပူးလ်ကိုပဲ ရွေးချယ်လိုက်မှာ။”

Photo Credit : Liverpool FC YWNA

“ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်ရလို့ပါ။ ကစားသမား (၃၅)ယောက်လား။ သူတို့တွေက ကစားသမား ဘယ်နှစ်လောက်အထိ လိုအပ်နေမှာလဲ။ ဒါက ပြီးခဲ့တဲ့ ရာသီကလို ဖြစ်ခဲ့တဲ့အတိုင်း အိမ်မက်ဆိုးလို ဖြစ်လာတော့မယ်။”

“ကျွန်တော့်အတွက် ဒါက ရိုးရှင်းတဲ့ အဖြေတစ်ခုပါပဲ။ ဒီကစားသမားနှစ်ယောက်က ဘာကြောင့် ချယ်လ်ဆီးကို သွားကြတာလဲလို့ မေးရင် အဖြေက ပိုက်ဆံကြောင့်ပါပဲ။” လို့ သူရဲ့ အမြင်တွေကို ပြောဆိုသွားခဲ့ပါတယ်။