ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဥက္ကဌကြီးဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အသက် (၁၉)နှစ်အရွယ် အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး မက်ဒရစ် အခြေစိုက် ကလပ်အသင်းတွေဖြစ်တဲ့ ဂီတာဖေးအသင်းနဲ့ အသက်လက်တီကိုအသင်းတို့ရဲ့ လူငယ် အကယ်ဒမီတွေမှာ ပါဝင်ခဲ့ပါသေးတယ်။

Photo Credit : ESPN

၂၀၂၀ခုနှစ်မှာ ယူနိုက်တက် လူငယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဂါနာချိုဟာ (၂)နှစ်လောက်အကြာမှာပဲ ယူနိုက်တက် အသင်းကြီးအတွက် စတင် ပွဲထွက် ကစားခွင့်တွေ ရရှိလာခဲ့ရင်း အခုဆိုရင်တော့ ဂါနာချိုက ယူနိုက်တက်အသင်းအတွက် အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

ဘယ်တောင်ပံနေရာမှာ အဓိက ကစားသူဖြစ်တဲ့ ဂါနာချိုဟာ လက်ရှိမှာတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၇၄)ပွဲ ကစားထားပြီးချိန် (၁၂)ဂိုးသွင်း (၉)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကလည်း အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်နေတဲ့ ဂါနာချိုကို ၂၀၂၈ခုနှစ်အထိပါ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပါတယ်။

Photo Credit : Tribuna

မန်ချက်စတာမှာ ခြေစွမ်းပြသနေတဲ့ မက်ဒရစ်မြို့ဖွား ဂါနာချိုကို မက်ဒရစ် အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းကြီးဖြစ်တဲ့ ရီးယဲလ် မက်ဒရစ်အသင်းက အတော်လေး စိတ်ဝင်စားလျက် ရှိနေပြီး အသင်းဥက္ကဌ ပီရက်ဇ်ကိုယ်တိုင် ဂါနာချိုရဲ့အေးဂျင့်နဲ့ တွေ့ဆုံသွားဖို့ပါ စီစဉ်ထားတယ်လို့ သိရပါတယ်။

လာမယ့် ဧပြီလမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် ရီးယဲလ်က မန်စီးတီးအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဧပြီ (၁၇)ရက်နေ့မှာပဲ ကွာတား ဒုကျော့ပွဲစဉ်အဖြစ် မန်ချက်စတာဆီ လာရောက်ရမယ့်အချိန် ဂါနာချိုနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့အတွက် ကြိုးပမ်းဖွယ် ရှိနေပါတယ်။