စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြိုင်ဘက် ဒေါ့မွန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ သူတို့အသင်းရဲ့ (၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌ ပီရက်ဇ်က သူတို့အသင်းဟာ လာမယ့်ရာသီမှာ (၁၆)ကြိမ်မြောက် ဆုဖလားကို ထပ်ယူဦးမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဝါရင့် အီတလီလူမျိုး နည်းပြကြီး အန်ဆလော့တီ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာ စပိန်စူပါဖလားနဲ့ လာလီဂါဖလားတို့ နှစ်လုံးစလုံးကို သိမ်းပိုက် ရယူထားနိုင်ပါတယ်။

Photo Credit: SPORT

ယနေ့မနက် အစောပိုင်းမှာ ဒေါ့မွန်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ရီးရဲလ်မက်ဒရစ်က သူတင်ကိုယ်တင် ကစားခဲ့ရပေမယ့် ကျစ်လျစ်တဲ့ ခံစစ်ကစားဟန်ကို ပြသကာ ဂိုးမပေးရအောင် အကောင်းဆုံး ကစားနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားတွေက ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဘုရင်ကြီးဟာ နောက်ထပ် ချန်ပီယံလိဂ်ဖလား တလုံးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် ၂-၀ ဒေါ့မွန် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အဖိုးတန် အနိုင်ဂိုးတွေကို ပွဲချိန် ၇၄မိနစ်မှာ ညာနောက်ခံလူ ကာဗာဂျယ်နဲ့ ပွဲချိန် ၈၃မိနစ်မှာ ဗင်နီးစီးယပ်စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ယခုတကြိမ် ချန်ပီယံလိဂ်ဖလားဟာ ရီးရဲလ်မက်ဒရစ် အတွက် (၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားလည်း ဖြစ်ပါတယ်။

Photo Credit: Marca

(၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ပြီးနောက် ပီရက်ဇ် အပါအဝင် ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက အတော်လေး ပျော်ရွှင်နေကြပြီး ပီရက်ဇ်က သူတို့အသင်းဟာ ယခုနှစ်ရာသီမှာ (၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရခဲ့သလို လာမယ့်ရာသီမှာလည်း (၁၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ထပ်သိမ်းဦးမယ်လို့ ဆိုလာပါတယ်။

ပီရက်ဇ်က – “ရွှေဘောလုံးဆုနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ အားလုံးကို ပေးလိုက်ပါလို့ပဲ ပြောချင်ပါတယ်။ (ရယ်လျက်) ကျွန်တော်တို့တွေ ရနေတဲ့ အောင်မြင်မှုတွေက လွယ်လွယ်ကူကူ ရခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က တခြားအသင်းတွေထက် ဒီလို အောင်မြင်မှုတွေကို လွယ်ကူစွာ ရယူနိုင်ပါတယ်။ ကျွန်တော်တို့က လာမယ့်ရာသီမှာ ၁၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ လိုနေပါပြီ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။