ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အဖြစ် ဝုလ်ဗ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိပြီးနောက် သူတို့အသင်းဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ လက်ကျန်ပွဲ အားလုံးကို အနိုင်ကစားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် အမှားခံလို့ မရတဲ့ အနေအထားကို ရောက်နေတာကြောင့် ယမန်နေ့ညမှာ ဝုလ်ဗ်ကို ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားကာ အနိုင်ရလဒ်ကို ရယူခဲ့ပြီး စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၂မိနစ် ၊ ၃၅မိနစ် ၊ ၄၅+၃မိနစ်နဲ့ ၅၄မိနစ်တို့မှာ အာလင်း ဟာလန်းနဲ့ ပွဲချိန် ၈၅မိနစ်မှာ အယ်ဗာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ဝုလ်ဗ်အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၅၃မိနစ်မှာ ဟွမ်ဟီချန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Euro Sports

မန်ချက်စတာ စီးတီးက ဝုလ်ဗ်ကို အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၅ပွဲ ကစားထားရာ ၂၅ပွဲနိုင် ၊ ၇ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၈၂မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်ထက် ရမှတ် ၁မှတ်သာ လျော့နည်းနေပါတယ်။

မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ရမှတ် ၁မှတ် နည်းပါးနေပေမယ့် ပွဲကျန် ၁ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် ပွဲကျန်ကိုသာ အနိုင် ကစားနိုင်ခဲ့မယ် ဆိုရင် အာဆင်နယ်ထက် ရမှတ် ၂မှတ် အသာရသွားမှာ ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကိုလည်း ဦးဆောင်ခွင့် ရရှိသွားမှာပါ။

Photo Credit: Team Talk

မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ရမှတ် ၂မှတ် အသာရမယ့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားပေမယ့် လက်ကျန်ပွဲတွေမှာ ၁ပွဲပွဲသာ သရေကျသွားမယ် ဆိုရင် အာဆင်နယ်နဲ့ ရမှတ်တူ အနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ဂိုးကွာခြားချက် ၆ဂိုး အထိ အသာရနေတာကြောင့် ရမှတ်တူနေရင် အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို ရယူသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ စီးတီး ၅-၁ ဝုလ်ဗ် ပွဲအပြီးမှာ ဂွာဒီယိုလာက သူတို့အသင်းဟာ ချန်ပီယံဖြစ်ဖို့ လက်ကျန်ပွဲ အားလုံးကို အနိုင်ကစားမယ်လို့ ပြောကြားသွားခဲ့တာပါ။ ဂွာဒီယိုလာက – “ကျွန်တော်တို့က အာဆင်နယ်ရဲ့ ဂိုးကွာခြားချက်ကို လိုက်မီနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က လက်ကျန်ပွဲတွေမှာ လုံးဝ သရေကျလို့ မရပါဘူး။ အာဆင်နယ်က အခုချိန်မှာ ကစားပုံ အရမ်းကောင်းနေသလို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသထားနိုင်ပါတယ်။ ကျွန်တော်တို့ အတွက် ၃ပွဲပဲ လိုပါတော့တယ်။ (ချန်ပီယံဆုကို ရဖို့) ကျွန်တော်တို့က ပထမပွဲနဲ့ ဒုတိယပွဲတွေကို အနိုင် ကစားပြီး တတိယမြောက်ပွဲမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။