အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၅-၁နဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို မနှစ်က ရှုံးကြွေးအား ပြန်ဆပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ပထမအကျော့ အဖြစ် စပိန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြစဉ်က တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Eurosports

ဒါကြောင့် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ နိုင်ပွဲ ရဖို့ ကြိုးစားခဲ့ပြီး အိမ်ရှင် မန်ချက်စတာ စီးတီးက ဧည့်သည် ရီးရဲလ်မက်ဒရစ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားကာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

မန်ချက်စတာ စီးတီး ၄-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက အဘက်ဘက်မှာ ရီးရဲလ်မက်ဒရစ်ထက် သာလွန်ခဲ့ပြီး စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၃မိနစ်နဲ့ ၃၇မိနစ်မှာ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ၊ ပွဲချိန် ၇၆မိနစ်မှာ ဗဟိုခံစစ်မှူး အကန်ဂျီနဲ့ ပွဲချိန် ၉၀+၁မိနစ်မှာ အယ်ဗာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီးနည်းပြ ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ရှုံးကြွေးကို ဒီနှစ်မှာ ပြန်ဆပ်နိုင်ခဲ့လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်တို့အသင်းက ဒီနေ့ပွဲမှာ သက်တောင့်သက်သာ ကစားနိုင်မယ် ဆိုတာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက သိခဲ့ပါတယ်။ ပွဲစပြီး ၁၀မိနစ် ၊ ၁၅မိနစ်လောက် အကြာမှာပဲ ကျွန်တော်က ကျွန်တော့်ရဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ရှုံးကြွေးအတွက် နာကျင်မှုတွေကို ရင်မှာ ပိုက်ပြီး ကစားနေတာကို မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ အကြောင်းကို ပြန်တွေးလိုက်ရင် အတော်လေး ရင်နာစရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ကျွန်တော်တို့က ဒီနေ့လို ခြေစွမ်းမျိုးနဲ့ ကစားနိုင်ခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်တခုကို မရခဲ့ပါဘူး။ ကျွန်တော် မှတ်မိတာ တခုက တိုနီခရူးစ်ကတောင် ပွဲပြီးအင်တာဗျူးမှာ သူတို့အသင်းဟာ ၁၀-၁ (ဒါမှမဟုတ်) ၁၀-၂ ဆိုတဲ့ ရလဒ်မျိုးနဲ့ ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံခဲ့တာပါပဲ။ တိုနီခရူးစ်က ကျွန်တော်နဲ့ လက်တွဲဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ဆိုတဲ့ ကစားသမား စာရင်းထဲ ပါဝင်တဲ့သူပါ။ ဒါကြောင့် သူ့လို ကစားသမားမျိုးဆီ ကနေ ခုနကလို စကားမျိုးကို ကြားခဲ့ရပြီးမှ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာမျိုးဟာ ကျွန်တော်တို့ အတွက် ရင်နာစရာ ကောင်းပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ နာကျင်မှုတွေကို ဖြေဖျောက်ခွင့် ရခဲ့ပါပြီ။ ဘောလုံးလောကနဲ့ အားကစားလောကမှာ ခင်ဗျားအတွက် ဒုတိယ အခွင့်အရေး ဆိုတာ အမြဲတမ်း ရှိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။