ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာက ယနေ့ည ၆နာရီမှာ ယှဉ်ပြိုင် ကစားရမယ့် ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်ဟာ သူတို့အသင်းအတွက် မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်တဲ့ ပွဲစဉ်ဖြစ်ကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ စတဲ့ ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူကာ သမိုင်းဝင် အောင်ပွဲ တစ်ခုကို ရရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ် ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရပါတယ်။

 

Photo Credit: Standard

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အာဆင်နယ် ၊  လီဗာပူး စတဲ့ အသင်းတွေနဲ့ တိုက်ပွဲဝင်နေရသလို ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အပြီးမှာ ရမှတ် ၆၇မှတ်နဲ့ အဆင့်(၃)နေရာကို ရောက်ရှိနေတာကြောင့် သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ အရယူနိုင်ဖို့ လိုအပ်နေပါတယ်။

ယနေ့ည မြန်မာစံတော်ချိန် ၆နာရီမှာတော့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် အဝေးကွင်းမှာ ကစားရခက်တဲ့ ခရစ္စတယ် ပဲလေ့စ်ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ပဲလေ့စ်က ထိပ်တိုက် တွေ့ဆုံမှုတိုင်းမှာ မန်ချက်စတာ စီးတီးကို ဒုက္ခပေးလေ့ ရှိတဲ့ အသင်း ဖြစ်တာကြောင့် ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးဟာ ရလဒ်ကောင်း ရချင်ရင် အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ လိုအပ်ပါတယ်။

Photo Credit: Euro Sports

ဂွာဒီယိုလာကလည်း ပဲလေ့စ်ဟာ သူတို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာနိုင်ကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ထားပြီး ချန်ပီယံဆုကို လိုချင်ရင် ပဲလေ့စ်ကို မဖြစ်မနေ အနိုင် ကစားရမယ်လို့ သူ့ရဲ့ ကစားသမားတွေကို သတိပေးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “အရိုးသားဆုံး ပြောရရင် အခုချိန်မှာ ကျွန်တော်တို့က အဆင့်(၁)နေရာမှာ ရောက်နေပြီး အဆင့်(၂)မှာ ရှိနေတဲ့ အသင်းကို ရမှတ် ၁၈မှတ်လောက် ဖြတ်ထားနိုင်ရင်တော့ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲအတွက် ပြင်ဆင်မှုတွေ ကြိုလုပ်နေမှာပါ။ ဒါပေမယ့် အခုက အဲ့ဒီလို အခြေအနေမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က အဆင့်(၃)နေရာကို ရောက်နေပါတယ်။ ကျွန်တော်တို့က အဆင့်(၁)မှာ ရှိနေတဲ့ အသင်းနဲ့ အမှတ် အများကြီး မကွာဘူး ဆိုပေမယ့် အမှတ်တွေသာ ထပ်ဆုံးရှုံးမယ် ဆိုရင် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့သလောက် ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီနေ့ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ဒီပွဲကို အနိုင်ကစားပြီးရင်တော့ အချိန်တွေ ရလာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က အနားယူလို့ မရပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲ အတွက် ပြင်ဆင်မှုတွေကို ဆက်လုပ်ရမှာပါ။ အခုချိန်မှာတော့ ကျွန်တော်က ရီးရဲလ်မက်ဒရစ်အကြောင်း မစဉ်းစားသေးပါဘူး။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ၉လ ၊ ၁၀လ ကြာအောင် တိုက်ပွဲဝင်ခဲ့ရတာပါ။ ဒါကြောင့် အရေးကြီးတဲ့ ပဲလေ့စ်နဲ့ပွဲ မကစားခင်မှာ ရီးရဲလ်မက်ဒရစ် အကြောင်း စဉ်းစားနေဖို့ အချိန်မရပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။