ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ကလပ် ဘန်လေကို အကောင်းဆုံးပုံစံနဲ့ ကိုင်တွယ်ထားနိုင်တဲ့ အသင်းရဲ့ ဂန္တဝင် နောက်ခံလူ ကွန်ပနီဟာ အနာဂတ်မှာ မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ်သာ ရှိသေးတဲ့ မန်ချက်စတာ စီးတီးနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ဂန္တဝင် နောက်ခံလူ ကွန်ပနီက ကစားသမား ဘဝ ကနေ အနားယူပြီးနောက် ချက်ချင်းဆိုသလို နည်းပြလောကထဲကို ဝင်ရောက်လာသူ ဖြစ်ပြီး ကွန်ပနီက ယခုနှစ် ဘောလုံးရာသီ အစမှာ အန်ဒါလက်ချ် ကနေ ချန်ပီယံရှစ်ကလပ် ဘန်လေဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Goal

ကွန်ပနီက ဘန်လေရဲ့ နည်းပြချုပ် ဖြစ်လာပြီးနောက် အသင်းရဲ့ မူလ ကစားကွက် ဖြစ်တဲ့ အဝေးဘော ကစားဟန်ကို ဖျက်ပစ်ကာ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန် တခုကို တည်ဆောက်ခဲ့ပြီး ကွန်ပနီရဲ့ ဦးဆောင်မှုတွေ အောက်မှာ ဘန်လေက ချန်ပီယံရှစ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်လာကာ ချန်ပီယံရှစ် ပွဲစဉ်(၃၄) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို ဒုတိယနေရာမှာ ရှိနေတဲ့ ရှက်ဖီးလ် ယူနိုက်တက်ကို ရမှတ် ၁၂မှတ် ၊ တတိယနေရာမှာ ရှိနေတဲ့ မစ်ဒယ်ဘရော့ကို ရမှတ် ၁၉မှတ် အသီးသီး ဖြတ်တောက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ကွန်ပနီရဲ့ ဘန်လေက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်ဖို့ သေချာသလောက် ဖြစ်နေသလို အက်ဖ်အေပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ တက်ရောက်ထားနိုင်ပြီး ကွာတားဖိုင်နယ်မှာတော့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးနဲ့ သွားရောက် တွေ့ဆုံနေပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂွာဒီယိုလာက သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ကွန်ပနီရဲ့ အောင်မြင်မှုတွေ အတွက် ဂုဏ်ယူမိကြောင်းနဲ့ ကွန်ပနီဟာ တနေ့မှာ မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဗင်းဆင့် ကွန်ပနီက တနေ့မှာ မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာပါလိမ့်မယ်။ ဒါက ကံကြမ္မာ တခုလို့လည်း ထင်ပါတယ်။ ကွန်ပနီက မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာပါလိမ့်မယ်။ ဒါက အနှေးနဲ့ အမြန် ဖြစ်လာမယ့် အရာတခုပါ။ ဘယ်အချိန်မှာ ကွန်ပနီက မန်ချက်စတာ စီးတီးနည်းပြ ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်က သူနဲ့လည်း စကားမပြောရသေးပါဘူး။ ဒါပေမယ့် ကွန်ပနီက မန်ချက်စတာ စီးတီးရဲ့ အကြောင်းကို ကောင်းကောင်းကြီး သဘောပေါက် နားလည်သူပါ။ ဒါကြောင့် သူ့မှာ မန်ချက်စတာ စီးတီးနည်းပြ ဖြစ်ရမယ့် ကံကြမ္မာ ပါလာပြီးသားပါ” လို့ ပြောကြားသွားခဲ့တာပါ။