ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ စွပ်စွဲခံထားရပေမယ့် စွပ်စွဲခံထားရသလို စည်းမျဉ်းချိုးဖောက်မှုတွေ မလုပ်ထားကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်ခဲ့ပေမယ့် အောင်မြင်မှုတွေ ရယူဖို့ အတွက် အသင်းကို တည်ဆောက်ခဲ့ချိန်မှာ ငွေကြေးများစွာ အသုံးပြုခဲ့ပါတယ်။

Photo Credit: Express

မန်ချက်စတာ စီးတီးက နာမည်ကြီးကုမ္ပဏီတွေရဲ့ စပွန်ဆာတွေကို မရခင်ကတည်းက ငွေကြေးများစွာ အသုံးပြုခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အသင်းအများစုက မန်ချက်စတာ စီးတီးဟာ စပွန်ဆာအတုတွေ ဖန်တီးကာ ဘဏ္ဍာရေးစည်းမျဉ်းကို လက်တလုံးခြား လုပ်ထားတယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့်ပဲ အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ တောင်းဆိုချက်အရ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းတွေကို စစ်ဆေးခဲ့ရာ မသင်္ကာစရာ အချက်အလက်တွေကို တွေ့ရှိခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၁၅မှုနဲ့ မန်ချက်စတာ စီးတီးကို စွဲချက်တင် စုံစမ်းနေပါတယ်။

ပရီးမီးယားလိဂ်က မကြာသေးမီကပဲ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ အဲဗာတန်ကို ရမှတ် ၁၀မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၁၅ကြိမ်နဲ့ စွဲချက်တင်ခံထားရတဲ့ မန်ချက်စတာ စီးတီးဟာ တန်းဆင်းပြစ်ဒဏ် ကျခံရမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Standard

တန်းဆင်းပြစ်ဒဏ်လို ကြီးလေးတဲ့ ပြစ်ဒဏ်မျိုး ကျခံရတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စီးတီးနည်းပြချုပ် ဂွာဒီယိုလာကတော့ သူ့ရဲ့အသင်းအပေါ် အပြည့်အဝ ယုံကြည်ထားဆဲ ဖြစ်ပြီး ဂွာဒီယိုလာက သူတို့အသင်းဟာ အပြစ်ကင်းစင်သလို လိဂ်ဝမ်းဆီ တန်းဆင်းဖို့ထက် ချန်ပီယံလိဂ် ချန်ပီယံ ပြန်ဖြစ်ဖို့က ပိုပြီး နီးစပ်ပါတယ်လို့ ပြောကာ အင်တာဗျူးမှာ အရွှန်းဖောက်သွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “မန်စီးတီးကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ကျခံစေချင်နေတဲ့ လူတွေကို သိပါတယ်။ ကျွန်တော်က သူတို့ကို သိသလို သူတို့က ဘာကြောင့် စီးတီးကို ဒုက္ခရောက်စေချင်တာလဲ ဆိုတာကိုပါ သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေ စောင့်ကြည့်လိုက်ကြပါ။ ကျွန်တော်တို့က အပြစ်ကင်းပါတယ်။ တာဝန်ရှိတဲ့လူတွေက အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်ပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ကလည်း ခင်ဗျားတို့ကို သင့်တော်တဲ့ ရှင်းပြမှုတွေ လုပ်ပါမယ်။ ကျွန်တော်တို့အသင်း လိဂ်ဝမ်းဆီ တန်းဆင်းသွားရင်တောင် ကျွန်တော်က အသင်းကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်က ချန်ပီယံလိဂ်ဖလားကို နောက်တကြိမ် ထပ်ရရင်တော့ အသင်းကနေ ထွက်သွားနိုင်ပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။