ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲကျပ်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အနိုင် ၃မှတ်ကို သိမ်းယူနိုင်ခဲ့ပေမယ့် သူတို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ အာဆင်နယ်ကို လိုက်မှီဖို့ မလွယ်ကူသေးကြောင်း ပွဲအပြီးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ရဲ့ အဆင့်၁နေရာကို ရယူထားနိုင်ခြင်း မရှိပဲ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အဆင့်၁ အဖြစ် ရပ်တည်နေပါတယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အပြီးမှာ ၁၂ပွဲနိုင် ၃ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ထားပေမယ့် ဇယားထိပ်မှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၅မှတ် အထိ ကွာဟနေပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က ရမှတ် ၅မှတ် အထိ ကွာဟနေပေမယ့် မန်ချက်စတာ စီးတီးရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ လူအင်အားတို့ကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယူဆနေကြပြီး မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက အဆိုပါ သုံးသပ်မှုတွေကို ပယ်ချလိုက်ကာ သူတို့ဟာ အာဆင်နယ်ကို လိုက်မှီဖို့ မလွယ်သေးကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

ဂွာဒီယိုလာက – “ကျွန်တော်တို့က ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်နဲ့ ရမှတ် ၇မှတ် ၊ ၈မှတ် ၊ ၁၀မှတ် ဝန်းကျင် အထိ ကွာဟသွားနိုင်ပေမယ့် အခုတော့ ကျွန်တော်တို့ရဲ့ ကြားထဲမှာ ရမှတ် ၅မှတ်ပဲ ကွာပါတော့တယ်။ ကျွန်တော်တို့က ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် ကိုယ့်ရဲ့ ခြေစွမ်းကို အမြဲတမ်း သုံးသပ်နေဖို့ လိုပါတယ်။ ဒါပေမယ့် အရိုးသားဆုံး ဝန်ခံရရင်တော့ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ ဒါက သူတို့တွေ ရမှတ် ဘယ်လောက် စုဆောင်းထားနိုင်လဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ ကစားပုံအရ သူတို့က အဆင့်၁နဲ့ ထိုက်တန်နေတာပါ။ သူတို့က ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီး နယူးကာဆယ်ကို သရေကျခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံနဲ့ အရည်အသွေးက အရမ်းကို ကောင်းပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။