မန်ချက်စတာ စီးတီးအသင်း နည်းပြ ပက်ပ် ဂွာဒီယိုလာက ဒီနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံအတွင်း လုံးဝကို ရှုံးပွဲမရှိသေးအောင် စွမ်းဆောင်ထားနိုင်တဲ့ သူရဲ့ တပည့်ကျော် လေဗာကူဆင်အသင်းနည်းပြ ဇာဘီ အလွန်ဆိုကို ချီးကျူး ထောပနာပြုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

စပိန် ဘောလုံးသမားဟောင်းကြီး အလွန်ဆိုဟာ မနှစ်ကပဲ လေဗာကူဆင်အသင်းကို ကိုင်တွယ်ခဲ့ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာကတည်းက အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးထားခဲ့သလို ဒီရာသီမှာတော့ ပြိုင်ပွဲစုံ (၃၃)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင်ပါ လုပ်ဆောင်ပေးထားခဲ့ပါတယ်။

Photo Credit : Forbes

အလွန်ဆိုရဲ့ လေဗာကူဆင်အတွက် စွမ်းဆောင်ပေးထားနိုင်မှုက တကယ်ကို လက်ဖျားခါလောက်စရာ ဖြစ်နေလို့ ရာသီအကုန်မှာ သူ့ကို အသင်းတော်တော်များများက နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ အပြိုင် စိတ်ဝင်စားနေကြပြီး ဒီထဲမှာ အလွန်ဆိုရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ ဘိုင်ယန်နဲ့ လီဗာပူးလ်တို့လည်း ပါဝင်နေပါတယ်။

အလွန်ဆိုရဲ့ စွမ်းဆောင်ထားမှုနဲ့ ပတ်သက်ပြီး သူနဲ့ ဘိုင်ယန်မှာ လက်တွဲခဲ့ဖူးတဲ့ ဂွာဒီယိုလာက “Wow!!!သူလုပ်ဆောင်ထားတဲ့ အရာတွေက တကယ့်ကို မယုံနိုင်စရာတွေပါပဲ။ ဒီရာသီရဲ့ တစ်သင်းသော ရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်း ပြီးတော့ ဘိုင်ယန်မြူးနစ်နဲ့လည်း အပြိုင်ဖိုက်နေတယ်။”

Photo Credit : Fabrizio Romano

“အခုဆိုရင် သူ့အသင်းက ဒီရာသီမှာ အရေးအကြီးဆုံး အခိုက်အတန့်အထိတောင် ရောက်ရှိနေပါပြီ။ လူတိုင်းက သူဒီလောက်ထိပဲ လုပ်နိုင်လောက်ပြီဆိုပြီး ထင်ထားကြတာမို့ သူက ဘွန်ဒက်စ်လီဂါဖလားကို ရနိုင်မှာ မဟုတ်ဘူးလို့ပဲ ထင်ကြပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အလွန်ဆိုဟာ ဒီနှစ်ဘောလုံးရာသီမှာ လေဗာကူဆင်အသင်းကို ဖလား (၃)လုံးလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားခဲ့ပြီး လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလားနဲ့ ပိုကယ်ဖလားတို့ကို ရယူနိုင်ဖို့ အလားအလာ အရမ်းကောင်းနေပါတယ်။