လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂင် ကလော့ပ်က သူနဲ့ မနက်ဖြန်မှာပဲ ထိပ်တိုက် ဆုံတွေ့ရတော့မယ့် မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက နည်းပြတွေထဲမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦး ဖြစ်တယ်လို့ အမွှမ်းတင် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်နဲ့ ဂွာဒီယိုလာတို့က ဂျာမန် ဘွန်ဒက်စ်လီဂါမှာကတည်းက ပြိုင်ဘက်ကောင်းတွေ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာလည်း ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းတို့ အားပြိုင်မှုဟာလည်း အလွန်ကို စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။

Photo Credit : Opta Analyst

ဒါပေမယ့် ကလော့ပ်က ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ လက်တွဲဖြုတ်သွားတော့မှာဖြစ်လို့ အခုတစ်ကြိမ် ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ တွေ့ဆုံမှုဟာ နောက်ဆုံးအကြိမ် ဖြစ်လာနိုင်တာကြောင့် အရင်တွေ့ဆုံမှုတွေထက်ပင် ပိုမိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အခု တနင်္ဂနွေ အန်ဖီးလ်မှာ ကစားရမယ့်ပွဲစဉ် မတိုင်ခင် ဟာလန်းနဲ့ အာနိုးတို့လို နှစ်ဖက်အသင်းရဲ့ ကစားသမားတွေရဲ့ စကားလုံးတိုက်ပွဲတွေ ဖြစ်နေရပေမယ့် နည်းပြတွေရဲ့ကြားမှာတော့ တစ်ယောက်နဲ့တစ်ယောက် ချီးကျူးသယောင် စကားတွေကိုသာ ပြောဆိုနေကြပါတယ်။

Photo Credit : The Independent

အခုလည်း ကလော့ပ်က “ပက်ပ် ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြပါ။ ကျွန်တော်ရဲ့ နည်းပြ သက်တမ်းတစ်လျှောက်လုံးမှာတော့ သူက အထူးချွန်ဆုံး နည်းပြတစ်ဦးပါပဲ။ သူက ဘောလုံးမှာ သူ့ပုံစံနဲ့ လွှမ်းမိုးနိုင်တယ်။ ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း သူက ဘယ်တော့မှ မဆွတ်ခူးနိုင်ခဲ့သလို ပြုမှုနေတယ်။”

“သူရဲ့စိတ်နေစိတ်ထားက ထူးချွန်လှပါတယ်။ ထူးချွန်ပြောင်မြောက်မှုတွေကို မြင်နေရတယ်။ ဒါက ပက်ပ်ဆီမှာ သေချာပေါက် ပိုင်ဆိုင်ထားတဲ့ အရာပါ။” လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။ အခု ကလော့ပ်နဲ့ ပက်ပ်တို့ ထပ်မံ တွေ့ဆုံကြမယ့် ပွဲစဉ်မှာ ဘယ်နည်းပြက အသာရသွားမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်သွားရပါမယ်။