မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာဟာ သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးနဲ့ ပတ်သက်ပြီး သူရဲ့ထင်မြင်ချက်ကို ထုတ်ဖော်သွားခဲ့ပြီး လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာအသင်းမှာ အံ့ဝင်န်ိုင်ကြောင်း ဒါပေမယ့် ဘာစီလိုနာဘက်က လီဝန်ဒေါစကီးကို ခေါ်ယူနိုင်မလားဆိုတာကိုတော့ မသိရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

စပိန်လူမျိုး နာမည်ကြီး ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို မကိုင်တွယ်ခင်က ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်ဖူးခဲ့သူဖြစ်သလို လက်ရှိမှာလည်း ဒီအသင်းနှစ်သင်းရဲ့ကြား ကစားသမားအပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ ရှိနေပြီး ဘိုင်ယန်ရဲ့ တိုက်စစ်ကစားသမား လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီး ကိုယ်တိုင်ကလည်း ဘိုင်ယန်ကနေ ထွက်ခွာချင်နေပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေးကိုတော့ ဈေးချိုချိုနဲ့ သတ်မှတ်မှာ မဟုတ်တဲ့အတွက် ဒါက ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၈)ရာသီ ဖြတ်သန်းပြီးနောက်မှာ အသင်းအတွက် (၃၄၄)ဂိုးထိ သွင်းယူနိုင်ခဲ့သလို ဆုဖလားများစွာကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသင်းနဲ့ တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့တဲ့ လီဝန်ဒေါစကီးဟာ အသင်းနဲ့ ဆက်လက် သက်တမ်းမတိုးချင်သလို အခုနွေမှာပဲ အသင်းနဲ့ လမ်းခွဲချင်နေတာဖြစ်ပြီး ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ရောဘတ်လီဝန်ဒေါစကီးက ဘယ်နေရာမှာမဆို အကောင်းဆုံး လိုက်လျောညီထွေ ဖြစ်နေမှာပါ။ ဒါပေမယ့် ဘာစီလိုနာအသင်းက သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် သူ့ကို ခေါ်ယူနိုင်မလား ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို ထွက်ခွာခွင့်ပေးပါ့မလားဆိုတာတော့ ကျွန်တော် မသိဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဂွာဒီယိုလာက ဘာစီလိုနာကြယ်ပွင့်လေး ဂါဗီရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး ဂါဗီက သူရဲ့စီနီယာတွေဖြစ်တဲ့ အန်ဆူဖာတီ ပတ်ဒရီတို့လို အံ့အားသင့်စရာကောင်းတဲ့ လူငယ်ကစားသမားလေးတစ်ယောက်လို့ ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။