အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံရှစ်ရဲ့ အဆင့်(၁) ဘန်လေနဲ့ ကစားခဲ့ရတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ အသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့ အာလင်း ဟာလန်းကို သူ့ရဲ့ ကစားသမား ဘဝ သွင်းဂိုး အရေအတွက်နဲ့ ယှဉ်ကာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဖြစ် ဘန်လေကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရာ ဟာလန်းနဲ့ အယ်ဗာရက်ဇ်တို့ တိုက်စစ်အတွဲရဲ့ အစွမ်းပြမှုတွေကြောင့် ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးဒါဇင်ဝက် အထိ သွင်းယူကာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ စီးတီး ၆-၀ ဘန်လေ ပွဲစဉ်မှာ ဂွာဒီယိုလာရဲ့ စီးတီးက ကွန်ပနီရဲ့ ဘန်လေကို ပွဲစပွဲဆုံး တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ဟာလန်းက ၃ဂိုး ၊ အယ်ဗာရက်ဇ်က ၂ဂိုးနဲ့ လူငယ်ကြယ်ပွင့် ပါလ်မာတို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ဘန်လေနဲ့ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၇-၀ လိုက်ပ်ဇစ် ပွဲစဉ်မှာလည်း သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် သူဟာ ၄ရက်အတွင်းမှာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အာလင်း ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာ အထင်ကြီးစရာ ကောင်းပါတယ်။

Photo Credit: 90 Min

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီး ၆-၀ ဘန်လေ ပွဲစဉ်အပြီးမှာ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက သူဟာ ဘာစီလိုနာ အတွက် ကစားပေးခဲ့ချိန်မှာ သွင်းဂိုး ၁၁ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် ဟာလန်းကတော့ ၄ရက်အတွင်းမှာ သွင်းဂိုး ၈ဂိုးကို သွင်းယူနိုင်ခဲ့တယ်လို့ ပြောရင်း ဟာလန်းကို ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “အာလင်းက ၈ဂိုးကို ၄ရက်အတွင်းမှာ သွင်းပြခဲ့ပါတယ်။ ကျွန်တော်က ဘာစီလိုနာ အတွက် ၁၁နှစ် ကစားခဲ့တာတောင် သွင်းဂိုး ၁၁ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဟာလန်းက အရမ်းကို ကောင်းပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ ကောင်းပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။