ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြ ပပ် ဂွာဒီယိုလာက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုတို့ကို သဘောကျကြောင်း ယနေ့ညမှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ချန်ပီယံဆု အတွက် အကြိတ်အနယ် တိုက်ပွဲဝင်နေရပြီး ယနေ့ညမှာတော့ သူတို့က မန်ချက်စတာ ယူနိုက်တက်နဲ့ ခက်ခဲတဲ့ပွဲကို ကစားရမှာပါ။

Photo Credit – Express

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်ကလည်း ဗီလာ ၊ စပါး စတဲ့ အသင်းတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေရပြီး ယမန်နေ့ညမှာ စပါးနဲ့ ဗီလာတို့က ပြိုင်ဘက်တွေကို အသီးသီး အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ မန်ချက်စတာ စီးတီးကို အနိုင် မကစားနိုင်ရင်တောင် အနိမ့်ဆုံး သရေရလဒ် ရရှိအောင် ကစားဖို့ လိုအပ်နေပါတယ်။

ယနေ့ညမှာ ကစားမယ့် မန်ချက်စတာဒါဘီကိုတော့ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ်မှာ ကျင်းပသွားမှာ ဖြစ်ပြီး အိမ်ရှင်လည်းဖြစ် ၊ လက်ရှိ ခြေစွမ်းပိုင်းမှာလည်း အတက်ဘက် ရောက်နေတဲ့ မန်ချက်စတာ စီးတီးက နိုင်ပွဲ ရဖို့ အတော်လေး ရေပန်းစားနေပါတယ်။

Photo Credit – Manchester Evening News

ဂွာဒီယိုလာကတော့ မန်ချက်စတာဒါဘီပွဲ မကစားခင်မှာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဖာနန်ဒက်စ်ဟာ ထူးချွန်တဲ့ ကစားသမား တဦးပါ။ သူ့မှာ ပွဲတိုင်းကို ဝင်ကစားပေးနိုင်တဲ့ ထူးခြားအရည်အသွေးလည်း ရှိပါတယ်။ ကျွန်တော်က သူ့ကို တော်တော်လေး သဘောကျပါတယ်။ သူ့ဆီမှာ ဘောလုံး ရှိနေရင် ခြားနားချက်တွေ ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။ သူ့ရဲ့ တိုက်စစ်မှူးတွေနဲ့ နားလည်မှုရှိပုံကလည်း ကျွန်တော်တောင် ပြောပြစရာ လိုမယ် မထင်ပါဘူး။ သူက မန်ချက်စတာ ယူနိုက်တက် အတွက် တကယ်ကို အရေးပါတဲ့ ကစားသမားပါ” လို့ ပြောကာ ဘရူနိုကို ချီးကျူးသွားခဲ့တာပါ။