ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ရိုနယ်ဒိုရဲ့ မက်ဆီရဲ့ အဆင့်အတန်းမျိုးကို ရောက်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်နဲ့အပြိုင် ယှဉ်လုနေရတဲ့ မန်ချက်စတာ စီးတီးက ယမန်နေ့ညမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အာလင်း ဟာလန်းရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: 90 Min

ဆောက်သမ်တန် ၁-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ နှစ်သင်းစလုံးက အတောင့်တင်းဆုံး ကစားကွက်တွေနဲ့ ပွဲထွက်လာခဲ့ကြပေမယ့် နှစ်သင်းကြားမှာ ကစားသမား အင်အားချင်း ကွာခြားလွန်းတာကြောင့် မန်ချက်စတာ စီးတီးကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ပွဲချိန် ၄၅မိနစ်နဲ့ ၆၈မိနစ်တို့မှာ ဟာလန်း ၊ ပွဲချိန် ၅၈မိနစ်မှာ ဂရီးလစ်ရှ်နဲ့ ပွဲချိန် ၇၅မိနစ်မှာ အယ်ဗာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြကာ ဆောက်သမ်တန် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၇၂မိနစ်မှာ မာရာက သွင်းယူပေးခဲ့တာပါ။

ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ စီးတီးက အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၅မှတ်သာ ကွာဟတော့ပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာကတော့ အသင်းအတွက် ဂိုးတွေ တရစပ် သွင်းပေးနေတဲ့ တိုက်စစ်မှူး ဟာလန်းဟာ ရိုနယ်ဒိုနဲ့ မက်ဆီတို့ ရောက်ခဲ့ဖူးတဲ့ ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ အဆင့်အတန်းမျိုးကို ရောက်နေပြီလို့ ပွဲပြီးဆုံးချိန်မှာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ပပ် ဂွာဒီယိုလာက – “ဟာလန်းရဲ့ ဒုတိယဂိုးကို အရမ်းကို ကောင်းပါတယ်။ လေထဲက ဘောလုံးကို ကန်ရတဲ့ အချိန်မှာ မြေထောက်ပြီး သွားအောင် လုပ်ဖို့ မလွယ်ပါဘူး။ ဟာလန်းက ပါရမီ ရှိတဲ့ ကောင်လေး တယောက်ပါ။ ကျွန်တော်တို့က သူ့ကို လိုအပ်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့က အကောင်းဆုံး မကစားနိုင်ခဲ့ပေမယ့် ဟာလန်းက ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုနဲ့ မက်ဆီတို့က ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂စု အတွင်းမှာ ဂိုးတွေ တရစပ် သွင်းယူပြီး ကျွန်တော်တို့ကို ဖျော်ဖြေခဲ့ကြပါတယ်။ ဟာလန်းကလည်း သူတို့ရဲ့ အဆင့်အတန်းမျိုးကို ရောက်နေပါပြီ။ သူက သွင်းဂိုးတွေ အများကြီး သွင်းထားတယ်လေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။