အင်္ဂလန် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မကြာသေးမီကမှ အသင်းဆီ ပြန်ရောက်လာတဲ့ ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်ဟာ အဝလွန်နေတာကြောင့် သူက ကယ်ဗင် ဖီးလစ်ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်က ယခုနှစ် ဘောလုံးရာသီ အစကမှ လိဒ်ယူနိုက်တက် ကနေ မန်ချက်စတာ စီးတီးဆီ ​ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လိဒ်ယူနိုက်တက် ကနေ ပြောင်းရွှေ့လာစဉ်ကတည်းက ဒူးဒဏ်ရာ ရနေတာကြောင့် ကာလရှည် အနားယူခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ကယ်ဗင် ဖီးလစ်က ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာလာတာ မကြာသေးပေမယ့် အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်က သူ့ကို ယုံကြည်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ခေါ်သွားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကယ်ဗင် ဖီးလစ်က အင်္ဂလန်အတွက် ၂ပွဲ ပါဝင် ကစားပေးခွင့် ရခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရခဲ့ပါတယ်။

ကယ်ဗင် ဖီးလစ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၄ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ပြန်လာခဲ့ရပြီးနောက် ဝိတ်တက်နေခဲ့ပြီး မန်ချက်စတာ စီးတီး နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ကယ်ဗင် ဖီးလစ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ကာ အားရကျေနပ်မှု မရှိသလို ကယ်ဗင် ဖီးလစ် တယောက် ကြံ့ခိုင်မှု ပြည့်ဝတော့မှသာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခွင့် ပေးနိုင်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Mirror

ဂွာဒီယိုလာက – “ကယ်ဗင် ဖီးလစ်က ဒဏ်ရာရနေတာမျိုး မရှိပါဘူး။ သူက ဝိတ်တက်နေတာပါ။ ဘာကြောင့် အဲ့ဒီလိုမျိုး ဖြစ်သွားရသလဲ ဆိုတာကို မသိရသေးပါဘူး။ သူက ကျွန်တော်တို့အသင်းနဲ့ အတူတကွ လေ့ကျင့်ခန်း ဆင်းနိုင်မယ့် အခြေအနေမျိုး ၊ ကစားနိုင်မယ့် အခြေအနေမျိုးမှာ မရှိပါဘူး။ တကယ်လို့ သူသာ အဆင်သင့် ဖြစ်ပြီ ဆိုရင်တော့ ကျွန်တော်တို့က သူ့ကို ပြန်သုံးသွားမှာပါ။ ကျွန်တော်တို့က သူ့ကို လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။