ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ် ၂-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာက သူတို့ရဲ့ပြိုင်ဘက် ဝုလ်ဗ်ဟာ သူတို့အသင်းထက် ပိုကောင်းခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် ဝုလ်ဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကို မြည်းစမ်းခဲ့ရပါတယ်။

Photo Credit: Sky Sports

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားတဲ့ မန်ချက်စတာ စီးတီးက ဝုလ်ဗ်နဲ့ပွဲမှာ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့သလို ရှုံးပွဲဆက်နေတဲ့ ဝုလ်ဗ်ကလည်း မန်ချက်စတာ စီးတီးကို အံတုနိုင်ဖို့ သူတို့အသင်းရဲ့ အကောင်းဆုံး ဖြစ်မယ်လို့ ထင်တဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့ပါတယ်။

အဆိုပါပွဲမှာ မန်ချက်စတာ စီးတီးက ဝုလ်ဗ်ကို ဘောလုံးပိုင်ဆိုင်မှု ၊ အခွင့်အရေး ဖန်တီးမှု ၊ ဂိုးပေါက် ကန်သွင်းခွင့် စတဲ့ နေရာတွေ အားလုံးမှာ အသာစီး ရယူကာ ကစားနိုင်ခဲ့ပေမယ့် ဝုလ်ဗ်ဂိုးသမား ဟိုဆေးဆာနဲ့ ခံစစ်ကြောင်းကို မထိုးဖောက်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဝုလ်ဗ်ကတော့ ရလာတဲ့ အခွင့်အရေး ၄ကြိမ်ကနေ သွင်းဂိုး ၂ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီး အတွက် တလုံးထဲသော ချေပဂိုးကလည်း ကစားကွက်ကနေ ရခဲ့တာ မဟုတ်ပဲ အယ်ဗာရက်ဇ်ရဲ့ လှပတဲ့ ဖရီးကစ်ကန်ချက် ကနေ ရရှိခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ ဂွာဒီယိုလာက သူတို့အသင်းရဲ့ ကစားဟန်ဟာ အတော်လေးကို ဆိုးရွားခဲ့ကြောင်း ဝန်ခံလာပါတယ်။

ဂွာဒီယိုလာက – “အနိုင်ရသွားတဲ့ ဝုလ်ဗ်ကို ဂုဏ်ပြုချင်ပါတယ်။ သူတို့က နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ ရခဲ့ပေမယ့် တိုက်စစ်-ခံစစ် အကူးအပြောင်းတွေမှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဝုလ်ဗ်ကတော့ ကောင်းကောင်း ကစားသွားနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်ရဲ့ ကစားသမားတွေက ဘယ်အချိန်မှာ ခပ်မြန်မြန် ကစားရမယ် ၊ ခပ်မြန်မြန် ပြေးထွက်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီရှုံးပွဲကို လက်ခံရပါမယ်။ ဒီနေ့မှာ ကစားခဲ့တဲ့ ကစားပုံက နယူးကာဆယ်ကို ရှုံးခဲ့တဲ့ ကစားပုံထက်တောင် ဆိုးရွားနေပါသေးတယ်။ ကျွန်တော်တို့က ဒါတွေကို အမြန်ဆုံး ပြင်ဆင်နိုင်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။