အင်္ဂလန် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့ရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ ဦးဆောင်မှုနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနိုင်ပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်းမှာ အသင်းအတွက် ရေတိုနည်းပြတွေကိုသာ ခန့်အပ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီ အစမှာတော့ အေဂျက်ကို ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့တဲ့ အဲရစ် တန်ဟက်ဂ်ကို ကာလရှည်စာချုပ်နဲ့ နည်းပြသစ် ခန့်ကာ သူတို့ရဲ့ နည်းလမ်းဟောင်းကို ပြန်အသက်သွင်းခဲ့ပါတယ်။

Photo Credit: Sky Sports

အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ကစားပုံပိုင်းအရ သိသိသာသာ တိုးတက် ကောင်းမွန်လာသလို ကစားသမား စုဖွဲ့မှု ၊ ကစားသမားတွေ ကြားထဲမှာ နားလည်မှု စတဲ့ အပိုင်းတွေမှာလည်း တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာလည်း အဲရစ် တန်ဟက်ဂ်ရဲ့ လက်ထက် ပထမဦးဆုံး ဆုဖလား အဖြစ် ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ ယူနိုက်တက်ဟာ တချိန်ကလို ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုးကို ရောက်နေပြီလို့ သုံးသပ်နေကြပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာကလည်း “မန်ယူ ပြန်လာပြီ” ဆိုတဲ့ စကားကို လက်ခံကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုလာပါတယ်။

Photo Credit: Sky Sports

သတင်းထောက် တဦးက ဂွာဒီယိုလာကို “မန်ချက်စတာ ယူနိုက်တက် ပြန်လာပြီ” ဆိုတဲ့ စကားကို လက်ခံလားလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက – “ပထမဦးဆုံးအနေနဲ့ ကာရာဘောင်းဖလား ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ပြီးတော့ ဖိုင်နယ်ကို တက်နိုင်ခဲ့တဲ့ နယူးကာဆယ်ကိုလည်း ချီးကျူးချင်ပါတယ်။ ဖိုင်နယ်ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်က အနှေးနဲ့ အမြန် ဆုဖလားတွေကို စိန်ခေါ်နိုင်ပါတော့မယ်။ မန်ချက်စတာ ယူနိုက်တက်က ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အဆင့်အတန်းမျိုးမှာ ရှိနေသင့်တာပါ။ အခုတော့ သူတို့က ဆုဖလားတွေကို စိန်ခေါ်လာပါတော့မယ်။ ကျွန်တော်ကတော့ ဒါကို ကြိုဆိုပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။