ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ရဲ့ အသင်းပြောင်းရွှေ့ရေး သတင်းတွေ ကျယ်လောင်လာနေချိန်မှာ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျာမိန်း ပင်နန့်က သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရှောင်ရှားပြီး ဘရိုက်တန်အသင်းလို ကလပ်မျိုးကိုသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် ချယ်လ်ဆီးအသင်းကတော့ ဒီတိုက်စစ်မှူးအတွက် ဈေးနှုန်းကြီးကြီးမားမား သတ်မှတ်ထားပြီး အလွယ်တကူ လက်လွှတ်မယ့်ပုံ မရှိပါဘူး။

သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပကလပ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ ဂျက်ဆင်အတွက် တောင်းဆိုဈေးကို ပေါင်သန်း(၈၀)ကနေ သန်း(၁၀၀)ကြား သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်က သူ့ကိုစိတ်ဝင်စားနေတဲ့ ကလပ်တွေထဲမှာ ပါဝင်နေပေပမဲ့ ချယ်လ်ဆီးဟာ တိုက်စစ်မှူးသစ်တွေဖြစ်တဲ့ ဂျာအို ပတ်ဒရိုနဲ့ လီယမ် ဒီလပ်ပ်တို့ကို ခေါ်ယူလိုက်တဲ့အတွက် ဆီနီဂေါလက်ရွေးစင် ဂျက်ဆင်အနေနဲ့ ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးနိုင်ခြေရှိနေပေမယ့် သူ့ကိုရောင်းချဖို့ ဖိအားပေးခံနေရတဲ့ အခြေအနေမျိုးတော့ မရှိပါဘူး။

Photo Credit : The New York Times

ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာပြီးနောက် ဂျက်ဆင်ဟာ ပြိုင်ပွဲစုံ (၈၁)ပွဲမှာ ဂိုး(၃၀) သွင်းပြီး ဂိုးဖန်တီးမှု (၁၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍက မရေမရာဖြစ်လာတာကြောင့် မန်ယူကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။ ဒါပေမဲ့ ကစားသမားဟောင်း ပင်နန့်ကတော့ အသက် (၂၄)နှစ်အရွယ် ဂျက်ဆင်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့တာထက် ဘရိုက်တန်လိုအသင်းမျိုးနဲ့ ပိုပြီးကိုက်ညီလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Adventure Gamers နဲ့ အင်တာဗျူးမှာ ပင်းနန့်က “ဂျက်ဆင်က ထိပ်တန်းအသင်းတွေအတွက် သင့်တော်တဲ့သူလားဆိုတာ ချယ်လ်ဆီးမှာ သူ့ရဲ့ခြေစွမ်းကို ကြည့်ရင် သိသာတယ်။ သူ အသင်းကထွက်ရင် ဘယ်ကိုသွားမလဲဆိုတာ စိတ်ဝင်စားစရာပဲ။ သူက ဒါဝင် နူးနက်ဇ်နဲ့ တစ်မျိုးတည်းလို့ ကျွန်တော်ထင်တယ်။ အခွင့်အရေးတွေ အများကြီးရပေမယ့် ဂိုးတွေ အများကြီး သွင်းနိုင်တာမျိုး မဟုတ်ဘူး။ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ထိပ်တန်းအသင်းတွေထက် အနည်းငယ်အောက်က အသင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန်လိုမျိုးကို ရွေးမယ်။”

Photo Credit : Goal

“အဲဒီမှာ သူ ထွန်းပေါ်နိုင်မယ်လို့ ယုံကြည်တယ်။ မန်ယူနိုက်တက်နဲ့ သတင်းထွက်နေပေမယ့် အဲဒီပြောင်းရွှေ့မှုက သူ့အတွက်ရော အသင်းအတွက်ရော မသင့်လျော်ဘူးလို့ ထင်တယ်။ ဒါက ရက်စ်မတ်စ် ဟွိုင်လန်းနဲ့ တူတဲ့အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်။ ဂျက်ဆင်က သူ့ကိုယ်သူ ထိပ်တန်းအသင်းမှာ ရှိသင့်တယ်လို့ ယုံကြည်ပုံရပေမယ့် ထိပ်တန်းအသင်းတွေရဲ့ ပင်တိုင်တိုက်စစ်မှူးနေရာမှာ သူ့ကို မမြင်ဘူး။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ သူတို့သတ်မှတ်ထားတဲ့ တန်ကြေးကို အပြည့်အဝမရရင် ဂျက်ဆင်ကို လက်လွှတ်ဖွယ်မရှိပါဘူး။ ဘရိုက်တန်အသင်းကလည်း ဈေးနှုန်းအများကြီး မကျဆင်းလာရင် စိတ်ဝင်စားဖို့ မလွယ်ကူပါဘူး။ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကလည်း လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အေးစက်သွားနိုင်ပါတယ်။ ဒီတိုက်စစ်မှူးရဲ့အနာဂတ်ဟာ ချယ်လ်ဆီးရဲ့ လူစာရင်းအစီအစဉ်နဲ့ ကလပ်အသင်းတွေက ချယ်လ်ဆီးရဲ့ တောင်းဆိုဈေးကို ပေးချေလိုစိတ် ရှိ မရှိ ဆိုတဲ့အချက်တွေပေါ်မှာ မူတည်နေပါတယ်။