မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် တောင်ပံ တိုက်စစ်ကစားသမားလေး ဖာကန်ဒို ပယ်လစ်စထရီ က စပိန် လာလီဂါကလပ် ဂရန်နာဒါအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက် ချလိုက်ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် ညာတောင်ပံကစားသမားလေး ပယ်လစ်စထရီ ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲအထိ ကစားခဲ့ရပေမယ့်လည်း အဲ့ဒီ (၁၄)ပွဲမှာ (၃)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပါတယ်။

Photo Credit : mufcMPB

တကယ်တော့ ပယ်လစ်စထရီ ဟာ ဥရုဂွေးအသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအထိပါ ပါဝင် ကစားခွင့် ရရှိခဲ့သူ ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းမှာတော့ ပုံမှန်နေရာ ရရှိဖို့က ရုန်းကန်လွန်းနေရပြီး အရန်ခုံမှာသာ အချိန်ကုန်ဆုံး နေရပါတယ်။

ပယ်လစ်စထရီ က ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ပွဲကစားခွင့်တွေ ပုံမှန် ရရဖို့အတွက် သူ ပါဝင်ကစားဖူးတဲ့ စပိန် လာလီဂါပြိုင်ပွဲဆီ ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ဂရန်နာဒါအသင်းကို ရွေးချယ်လိုက်ပါတယ်။

Photo Credit : Fabrizio Romano

ပယ်လစ်စထရီ ကို ဂရန်နာဒါအပြင် နယ်သာလန် ထိပ်သီးကလပ် PSV နဲ့ မေဂျာလိဂ်က အယ်လ်အေ ဂလက်ဆီအသင်းတွေကလည်း အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဂရန်နာဒါကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပယ်လစ်စထရီ က အလာဗက်စ်အသင်းနဲ့အတူ လာလီဂါမှာ (၂)ရာသီလောက် အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ဖူးပြီး အခုလည်း လာလီဂါ တန်းဆင်းဇုန်ထဲ ရောက်ရှိနေတဲ့ ဂရန်နာဒါဆီ ထပ်မံ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။ အခုတော့ ဒီအငှားအပြောင်းအရွှေ့ ဖြစ်လာဖို့ ဂရန်နာဒါ နဲ့ ယူနိုက်တက်တို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။