ရီးယဲလ် ဘက်တစ်အသင်း နည်းပြ မန်နူရယ် ပယ်လီဂရီနီက အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်မှာ မအောင်မြင်ခဲ့တဲ့အတွက် လက်စားချေချင်စိတ်တွေ ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပေမယ့် ဘက်တစ်အသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် တောင်ပံကစားသမား အန်တိုနီဟာ ၂၀၂၂ ခုနှစ်တုန်းက အေဂျက်စ်ကနေ အိုးလ်ထရက်ဖို့ဒ်ကို ပေါင်(၈၁.၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ကလပ်သမိုင်းမှာ ဒုတိယမြောက် တန်ဖိုးအကြီးဆုံး ကစားသမား ဖြစ်လာခဲ့တာကြောင့် သူ့အပေါ် မျှော်လင့်ချက်တွေ ကြီးမားခဲ့ပါတယ်။ ဒီလို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိခဲ့ပေမယ့် အန်တိုနီရဲ့ ပရီးမီးယားလိဂ်မှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က မျှော်လင့်ထားတာထက် သိသိသာသာ နိမ့်ကျခဲ့သလို ဒီရာသီမှာလည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဆောင်းရာသီမှာပဲ ဘက်တစ်ကို ထွက်ခွာခဲ့ပါတယ်။

Photo Credit : United in Focus

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘက်တစ်ကို အငှားနဲ့ ရောက်ရှိပြီးနောက် အန်တိုနီဟာ ဥရောပမှာ လိုချင်တပ်မက်စရာ ကစားသမားတစ်ဦး ဖြစ်စေခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကို ပြန်လည် ရှာတွေ့ခဲ့ပါတယ်။ စပိန်ကလပ်အတွက် (၂၅)ပွဲ ကစားခဲ့ရာမှာ (၉)ဂိုးသွင်းယူပြီး (၅)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘက်တစ်ကို ကွန်ဖရန့်စ်လိဂ် ဖိုင်နယ်ရောက်အောင် ကူညီရာမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

သတင်းထောက်တွေကို ပြောကြားရာမှာ ပယ်လီဂရီနီက “အန်တိုနီက သူလုပ်နိုင်တာမှန်သမျှ အကုန်လုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘက်တစ်ကို မလာခင်က သူနဲ့ စကားပြောခဲ့ပါတယ်။ သူပျော်ရွှင်မှု မရှိလို့ မကစားရဘူးလို့ သူပြောခဲ့ပါတယ်။ ပြီးတော့ သူလက်စားချေချင်ခဲ့တယ်။ သူလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိပေမယ့် ကစားသမားတစ်ယောက်ကို ပေါင်သန်း(၁၀၀)လောက်ပေးပြီး ခေါ်ထားတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ အန်တိုနီဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဘက်တစ်မှာ သူ့ရဲ့ ခြေစွမ်းတွေ တိုးတက်ဖို့အတွက် ကောင်းမွန်တဲ့အချိန် ဖြစ်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : France24

ဘက်တစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ ဒီနေ့မှာ ကျင်းပမယ့် ကွန်ဖရန့်စ်လိဂ် ဖိုင်နယ်မှာ နှစ်ကြိမ်တိုင်တိုင် ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်လို့ ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရမှာပါ။ လန်ဒန်အခြေစိုက် ချယ်လ်ဆီးအသင်းဟာ ပြိုင်ပွဲစတင်ကတည်းက ဖလားကို ရယူဖို့ ရေပန်းစားခဲ့ပြီး အသင်းရဲ့ ကစားသမားအင်အားနဲ့ ဥရောပပြိုင်ပွဲအတွေ့အကြုံက ပိုမိုသာလွန်နေပါတယ်။ ဒါပေမဲ့ ပယ်လီဂရီနီက သူ့အသင်းက အလွယ်တကူ အရှုံးပေးမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“ဒါဝိဒ်နဲ့ ဂိုလိုင်းယပ်ဒ် (အားနည်းသူနဲ့ အားကြီးသူ) လို့ ကျွန်တော်တို့ မယုံကြည်ပါဘူး။ မနက်ဖြန်မှာ ပွဲကို အနိုင်ရဖို့ အခွင့်အရေး အတိအကျရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ပယ်လီဂရီနီက ပြောခဲ့ပါတယ်။ ဘက်တစ်အသင်းဟာ ဥရောပပြိုင်ပွဲကို တစ်ခါမှ အနိုင်ရဖူးခြင်း မရှိသေးတာကြောင့် ဗုဒ္ဓဟူးနေ့ပွဲစဉ်ဟာ ဆီးဗီးလ်အခြေစိုက် အသင်းအတွက် သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်လာမှာပါ။