စပိန်လာလီဂါရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘက်တစ်ရဲ့ နည်းပြချုပ် ဖြစ်သူ ပယ်လီဂရီနီက မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ သူတို့ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် သူတို့နဲ့ပွဲမှာ ကျားနာခဲ ခဲလာမှာ ဖြစ်လို့ စိတ်ပူစရာ ကောင်းကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မကြာသေးမီကမှ နယူးကာဆယ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကာရာဘောင်းချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ခါးသီးပြိုင်ဘက် လီဗာပူးကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေ တောက်လျှောက် ရလာပြီးမှ လီဗာပူးလို ခါးသီးပြိုင်ဘက်ကို မထင်မှတ်ပဲ ၇-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် သူတို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းဟာ အနည်းငယ် ယိမ်းယိုင်သွားမယ့် အနေအထားမျိုးမှာ ရှိနေပြီး ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် စပိန်ကလပ် ဘက်တစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ၇-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ထားခဲ့ပေမယ့် ဘက်တစ်ရဲ့ နည်းပြချုပ် ဖြစ်သူ ပယ်လီဂရီနီက မန်ချက်စတာ ယူနိုက်တက်ဟာ အခုချိန်မှာ သာမန်ထက် ပိုပြီး အန္တရာယ်များကာ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ကို ကျားနာခဲ ခဲလာနိုင်တာကြောင့် သတိထား ကစားသွားရမယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ပယ်လီဂရီနီက – “ကျွန်တော်ကတော့ ဒီရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ရင်ဆိုင်ရ အခက်ဆုံးအသင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ရှုံးပွဲအတွက် ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့ မရပါဘူး။ သူတို့က ရှုံးပွဲကြောင့် စိတ်ဓာတ်ကျနေမလား (ဒါမှမဟုတ်) ကျွန်တော်တို့ဆီ ဓားသွားနဲ့ တူတဲ့ သွားတွေကို ပြပြီး ချီတက်လာမလား (ကျားနာခဲ ခဲမယ့် ပုံစံကို ရည်ရွယ်လျက်) ဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ သူတို့က ဒုတိယပုံစံနဲ့ ကျွန်တော်တို့ကို ရင်ဆိုင်ဖို့ ပိုမို အခွင့်အလမ်း များနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။