ဘာစီလိုနာအသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ဒိုင်လူကြီးဆိုင်မွန် စွမ်းဆောင်ရည်တွေကို ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA အနေနဲ့ စုံစမ်း စစ်ဆေးသင့်တယ်လို့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ပက်ဒရီက တောင်းဆိုလိုက်ပါတယ်။

စပိန်ကွင်းလယ်လူ ပက်ဒရီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အသင်းကို တရားမျှတမှု မရှိဘူးလို့ ခံစားရကြောင်း ပြောပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ အချိန်ပိုအထိ ကစားပြီး ၄-၃ နဲ့ ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ပွဲစဉ်အတွင်းမှာ VAR ပါဝင် ပတ်သက်ခဲ့ရတဲ့ အငြင်းပွားဖွယ် အခြေအနေတွေ အများအပြား ရှိခဲ့ပြီး ပထမပိုင်းမှာ ကူဘာဆီက လော်တာရို မာတီနက်ဇ်ကို ဖျက်ထုတ်ခဲ့တာကြောင့် အင်တာက ပင်နယ်တီရခဲ့ပြီး အဲ့ဒီ့ကနေ ချာဟာနိုဂလူးက အသင်းအတွက် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယာမယ်လ်ကို လဲချခဲ့တာ ပင်နယ်တီရသင့်တယ်လို့ ထင်ရပေမယ့် VAR ကြည့်ပြီးနောက် ပင်နယ်တီ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : talkSPORT

ပွဲအပြီး El Partidazo de Cope နဲ့ ပြောဆိုရာမှာ ပက်ဒရီက “ဒီဒိုင်လူကြီးနဲ့ ကျွန်တော်တို့ ဒီလိုဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးဗျ။ UEFA အနေနဲ့ ဒါကို စုံစမ်းသင့်တယ်လို့ ထင်ပါတယ်။ ရှင်းပြဖို့ ခက်ခဲတဲ့ ကိစ္စတွေ ရှိပါတယ်။ အခြေအနေတွေ အများကြီး ရှိခဲ့တယ်။ ၅၀/၅၀ ဆုံးဖြတ်ချက်တိုင်းက သူတို့ (အင်တာ)ဘက်ကိုပဲ ပါသွားတယ်။ လာမင်း ကို ပင်နယ်တီ ပေးဖို့ လုပ်ပြီးမှ ဖျက်ထုတ်တာလို့ ပြောလိုက်တဲ့အပေါ်မှာလည်း မစ်ခီတာရီယန်ကို အဝါကတ် မပြခဲ့ဘူး။ ပြခဲ့ရင် သူ ဒုတိယမြောက် အဝါကတ်နဲ့ ထွက်ရမှာ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ပက်ဒရီရဲ့ ပြောဆိုချက်တွေကို ထောက်ခံခဲ့ပါတယ်။ ဂျာမန်နည်းပြက “ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခဲ့ရလို့ အခုတော့ လူတိုင်း စိတ်ပျက်နေတာကို သိပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ အများကြီး ရင်းနှီးမြှုပ်နှံခဲ့လို့ပါ။ ကျွန်တော်တို့ ပွဲထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ပြီးတော့ ဆုံးဖြတ်ချက် တချို့ ဥပမာ ၅၀/၅၀ အခြေအနေတွေမှာ အင်တာဘက်ကိုပဲ အမြဲပါသွားတာလို့ ထင်ပါတယ်။ ဒါပေမယ့် ဒါက ဒီလိုပါပဲ။ ကျွန်တော်တို့ လက်ခံရပါမယ်။ ဒါ ဘောလုံးပါပဲ။”

Photo Credit : GiveMeSports

“ကျွန်တော့်အသင်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ တချို့ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ဘက် မပါတော့ မတရားဘူးလို့ တစ်ခါတလေ ခံစားရပါတယ်။ ဒါပေမယ့် ဒီလိုပါပဲ။ ကျွန်တော်တို့ လက်ခံရမှာပါ။ လာမယ့်ရာသီမှာ အစကနေ ပြန်စပါမယ်။ ချန်ပီယံလိဂ်ကို အနိုင်ယူဖို့က ကျွန်တော်တို့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ပရိသတ်တွေ ဒါကို ရသင့်လို့ပါ။ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ပြန်လာပါမယ်။” လို့ ဖလစ်က ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုဆိုရင် နောက်လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း လာလီဂါဖလားကို ဆွတ်ခူးပြီး ပြည်တွင်းဖလား (၃)လုံး ရယူနိုင်ဖို့ ရည်မှန်းနေပါတယ်။ အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အိမ်ကွင်းမှာ ဒီရာသီရဲ့ နောက်ဆုံး အယ်လ်ကလက်ဆီကိုပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။