ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ် လက်ရွေးစင်နောက်ခံ ကစားသမား ဘင်ဂျမင် ပါဗက်က သူ့ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဂျာမန် သတင်းစာ The Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချသွားတော့မှာဖြစ်လို့ သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် ခံစစ် ကစားသမားတွေကို ချိန်ရွယ်လျက် ရှိနေရာ ပါဗက်ကလည်း ယူနိုက်တက်ရဲ့ shortlist ထဲမှာ အပါအဝင် ဖြစ်နေပါတယ်။

Photo Credit : TEAMtalk

ပါဗက်နဲ့ ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ Sky Sports Germany ရဲ့ သတင်းမှာတော့ မန်ယူနိုက်တက် နဲ့ ပါဗက်တို့ကြား အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အချိန်တိုအတွင်း နှုတ်အားနဲ့ သဘောတူညီမှုတစ်ခု ရရှိအာင် ဦးစားပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး The Blid သတင်းစာမှာလည်း ပါဗက်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို နည်းပြ တန်ဟက်ဂ်ကလည်း သူရဲ့ ယူနိုက်တက်အသင်းအတွက် ပါဗက်ကို အလိုရှိကြောင်း အသင်းထံ အသိပေး အကြောင်းကြားထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီအခြေအနေအရဆို ယူနိုက်တက်က ပါဗက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ချက်ချင်း ရရှိသွားနိုင်ပါတယ်။

Photo Credit : Football365

လက်ရှိမှာ ပါဗက်ရဲ့ တန်ကြေးက ယူရို သန်း(၄၀)ထိ ရှိနေတယ်လို့ Transfermarket ကနေ ဖော်ပြထားပေမယ့်လည်း ပါဗက်နဲ့ ဘိုင်ယန်တို့ကြားက စာချုပ်သက်တမ်းဟာ ၂၀၂၄ခုနှစ် ဇွန်လမှာပဲ အဆုံးသတ်တော့မှာမို့ ယူနိုက်တက်အသင်းအနေနဲ့ ပါဗက်အတွက် ပြောင်းရွေ့ကြေးကို ယူရို သန်း(၃၀)လောက်သာ ကမ်းလှမ်းသွားရနိုင်တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ကလည်း မက်ဂွိုင်းယားကို လက်လွတ်ဖို့က သေချာနေပြီ ဖြစ်သလို ကစားသမားဟောင်း အီဗန်စ်ကလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ သိပ်မလွယ်တော့တာကြောင့် တိုဒီဘို ဒါမှမဟုတ် ပါဗက် တစ်ဦးဦးကို ပြန်လည် ခေါ်ယူဖွယ် ရှိနေပြီး တန်ဟက်ဂ် ကိုယ်တိုင်ကတော့ ကမ္ဘာ့ချန်ပီယံဟောင်း ပါဗက်ကို ပိုမို သဘောကျလို့နေပါတယ်။