ဒီနွေဈေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ နောက်ခံ ကစားသမား ဘင်ဂျမင် ပါဗက်ကို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အပြိုင် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် နောက်ခံလူ တင်းဘားက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာပဲ ညာဘက် ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ACL Injury ဖြစ်သွားရတာကြောင့် ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်တဲ့အတွက် တင်းဘားနေရာ အစားထိုးဖို့ စဉ်းစားလာခဲ့ရပါတယ်။
Photo Credit : Twitter
ဒီအချိန် ပြင်သစ်နဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ပါဗက်က ဘိုင်ယန်ကနေ ထွက်ခွာချင်နေပြီး သူ့ကိုလည်း မန်ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းနေရာ ဝက်စ်ဟမ်း နဲ့ မက်ဂွိုင်းယားတို့ အပြောင်းအရွှေ့ ပျက်ပြယ်သွားမှုကြောင့် ယူနိုက်တက်အနေနဲ့ ပါဗက်ကို ဆက်လက် ကြိုးပမ်းဖို့က မရေမရာ ဖြစ်လာရပါတယ်။
ဒီအချိန်မှာပဲ အင်တာမီလန်အသင်းက ပါဗက်ကို သူတို့ ပစ်မှတ်ထားနေတဲ့ ကစားသမားစာရင်းထဲ ထည့်သွင်းထားသလို ယူနိုက်တက်ကလည်း မက်ဂွိုင်းယား အခြေအနေကို ဆက်လက် စောင့်ကြည့်နေရင်း မက်ဂွိင်းယားသာ အသင်းနဲ့ လမ်းခွဲမယ်ဆိုတာနဲ့ ပါဗက်ကို နောက်တစ်ကြိမ် ကမ်းလှမ်းဖွယ် ရှိလာနိုင်ပါတယ်။
Photo Credit : Twitter
ဒီလို အသင်းပြောင်းဖို့ သေချာသလောက် ရှိနေတဲ့ ပါဗက်ကို မန်ယူနိုက်တက် အင်တာတို့နဲ့အပြိုင် အာဆင်နယ်ကလည်း ခေါ်ယူဖို့ စဉ်းစားလာခဲ့ပြီး ဒီကစားသမားအတွက် ဘိုင်ယန်အသင်းထံ ဆက်သွယ်မှုတွေလည်း လုပ်ဆောင်လာနိုင်ပါတယ်။
ပါဗက်ဟာ ညာနောက်ခံ နေရာ နဲ့ ဗဟိုခံစစ် နေရာတွေမှာ ကစားနိုင်သူဖြစ်လို့ အာဆင်နယ်အတွက် တင်းဘားနေရာမှာ အစားထိုးဖို့ အကောင်းဆုံး option တစ်ခု ဖြစ်လာနိုင်သလို စာချုပ်ကလည်း တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့လို့ ယူရို (၃၅)သန်း နဲ့ ယူရို သန်း(၄၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားရနိုင်ပါတယ်။