မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာဟာ ကြာသပတေးညက လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ အမှားနှစ်ခုကို ကျူးလွန်ခဲ့လို့ ယူနိုက်တက် ကစားသမားဟာင်းကြီး ပေါလ် စခိုးလ်ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။
ကင်မရွန်းဂိုးသမားဟာ မန်ယူအသင်း ခွင့်ပြုလိုက်ရတဲ့ နှစ်ဂိုးစလုံးအတွက် တာဝန်ရှိသူဖြစ်တာကြောင့် အသင်းဟာ (၂)ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၉၅)မိနစ်မှာ ပွဲပြီးခါနီး နောက်ဆုံးကန်ချက်ဖြစ်လာတဲ့ ဂျော့ဂျ် မီကော်တာ့ဒ်ဇီရဲ့ ကန်ချက်ကို အိုနာနာက ဖမ်းယူဖို့ ကြိုးစားရင်း ဘောလုံး လွတ်ကျသွားတာကို ရေယန် ချာကီက ပြန်ကန်သွင်းယူခဲ့ပါတယ်။
Photo Credit : talkSPORT
TNT Sports နဲ့ ပွဲအပြီးမှာ စခိုးလ်က “ပွဲမတိုင်ခင် သူပါးစပ်ပိတ်ထားရင်ကောင်းမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပထမဂိုးအတွက် သူ ပိုပြီး တာဝန်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ကြီးမားတဲ့ အမှားတစ်ခုပါ။ ဒုတိယဂိုးက နည်းနည်းခက်ပေမယ့် သူ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ရမယ်။ အလုံးစုံအနေနဲ့ ဒါဟာ မှန်ကန်တဲ့ ရလဒ်ပါ။ လိုင်ယွန်က ပိုကောင်းတဲ့ ဘောလုံးကို ကစားခဲ့ပြီး အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့တယ်။”
“ဒါပေမယ့် ပွဲပြီးခါနီးမှ ဂိုးသွင်းနိုင်ခဲ့လို့ ယူနိုက်တက်တို့ စိတ်ပျက်နေမှာ သေချာတယ်။ သူတို့ အိမ်ကွင်းမှာ အခြေအနေ ကောင်းနေတာကြောင့် သူတို့ဟာ အခုထိ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်သင့်ပေမယ့် သူတို့ ပိုတိုးတက်ဖို့တော့ လိုအပ်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ အိုနာနာဟာ ပထမဆုံး ခွင့်ပြုခဲ့ရတဲ့ ဂိုးမှာ တိုက်စစ်မှူးတွေကို ဖြတ်ကျော်လာတဲ့ ဖရီးကစ်ဘောလုံးကို လက်နဲ့ ပုတ်ထုတ်ဖို့ ကြိုးစားရင်း ဘောလုံးက သူ့ကိုကျော်ပြီး ဂိုးထဲကို ဝင်သွားခဲ့ပါတယ်။
Photo Credit : Daily Mail
အိုနာနာရဲ့ အမှားတွေဟာ ယူနိုက်တက်နဲ့ လိုင်ယွန်တို့ရဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ကစားသမားဟောင်း နီမန်ဂျာ မာတစ်က သူ့ကို ယူနိုက်တက်သမိုင်းမှာ အဆိုးဆုံး ဂိုးသမားတွေထဲက တစ်ယောက်လို့ ပြင်းထန်စွာ ဝေဖန်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတာပါ။ ဒီကိစ္စရပ်မှာ အိုနာနာက ယူနိုက်တက်က သူတို့ရဲ့ ပြိုင်ဘက် လိုင်ယွန်ထက် ပိုကောင်းတယ်လို့ ပြောခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး ဒါကို မာတစ်က အိုနာနာဟာ ယူနိုက်တက်ဂိုးသမားအများစုထက် ပိုဆိုးတယ်လို့ ပြန်လည်ထိုးနှက်ခဲ့ပါတယ်။
အိမ်ကွင်းပရိသတ်တွေရဲ့ ဟားတိုက်မှုတွေကို ခံရခဲ့တဲ့ အိုနာနာဟာ ဆားဘီးယန်းသားကြီး မာတစ်ရဲ့ ဝေဖန်မှုကို မမှန်ကြောင်း သက်သေပြဖို့ မျှော်လင့်ခဲ့ပေမယ့် (၂၅)မိနစ်မှာပဲ သီယာဂို အယ်လ်မာဒါရဲ့ ဖရီးကစ်ဂိုးမှာ သူဟာ အဓိက အမှားကျူးလွန်မိခဲ့သလို ပွဲပြီးခါနီး (2-2) ဖြစ်သွားစေမယ့် ဂိုးမှာလည်း အိုနာနာက ထပ်မံ မှားယွင်းခဲ့ပါသေးတယ်။