မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နာမည်ကြီး ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးက လက်ရှိ အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိန်းနူးကို သူနဲ့ နှိုင်းယှဉ်နေခြင်းတွေ မပြုလုပ်သင့်ပဲ မိန်းနူးဟာ သူ ငယ်စဉ်တုန်းကထက် (၁၀)ဆလောက်အထိ ပိုကောင်းတယ်လို့ပါ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လက်ရှိမှာလည်း ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ်လူ မိန်းနူးဟာ ဒီရာသီမှ စီနီယာအသင်းကြီးမှာ ပုံမှန် ကစားခွင့်တွေ ရရှိလာခဲ့ရင်း အခုဆိုရင် ယူနိုက်တက်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : United in Focus

အခုလည်း မိန်းနူးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာပါ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီး ယူနိုက်တက်အတွက် ဆုဖလားတစ်လုံးကို ရယူပေးနိုင်ခဲ့ပြီး အဲ့ဒီပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကိုပါ ပြသသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို ပြိုင်ဘက်ကစားသမား ကိုင်း ဝေါ်ကာကပါ ချီးကျူးပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်အများစုကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး မိန်းနူးကို legend player ကြီးဖြစ်တဲ့ ပေါလ်စခိုးနဲ့ ခိုင်းနှိုင်းကြပေမယ့်လည်း ပေါလ်စခိုးကိုယ်တိုင်ကတော့ မိန်းနူးက သူ့ထက် အဆပေါင်းများစွာ ပိုကောင်းတယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်နဲ့ ကိုဘီ မိန်းနူးနဲ့ကို နှိုင်းယှဉ် ပြောဆိုပြီး အချိန်ဖြုန်းနေတာတွေကို ရပ်တန့်လိုက်ပါ။”

Photo Credit : Instagram

“ဒီကစားသမားလေးက ကျွန်တော် အသက် (၁၉)နှစ်အရွယ်တုန်းကထက် (၁၀)ဆလောက်ကို ပိုကောင်းနေတာပါ။ သူ ဘောလုံးလက်ခံရယူပုံတွေ ၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ ကစားတက်တာတွေ ၊ သူ့ဘေးမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ လှုပ်ရှားမှုများကို သတိထားနိုင်မှုတွေနဲ့ ပွဲကြီးတွေမှာ သူရဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှုတွေကိုတော့ ကျွန်တော် တကယ် နှစ်သက်မိတယ်။” လ်ို့ ပေါလ်စခိုးက ပြောဆိုသွားခဲ့ပါတယ်။

အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မိန်းနူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲအထိတောင် ပါဝင်ကစားထားခဲ့ရပြီး (၅)ဂိုးထိ သွင်းယူနိုင်ခဲ့ကာ (၁)ဂိုးဖန်တီးပေးထားခဲ့ပါတယ်။