နာမည်ကျော် ဘောလုံးသုံးသပ်သူ ပေါ်လ် မာဆန်က တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကို ထွက်ခွာခွင့်ပြုခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ဂျက်ဆင်ကို ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ်ကလပ်တစ်ခုကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆီနီဂေါလက်ရွေးစင် ဂျက်ဆင်ဟာ အပြောင်းအရွှေ့ဖြစ်စဉ် အချိုးအကွေ့များစွာနဲ့ အပြီးသတ်သွားခဲ့ပြီးနောက်ဘိုင်ယန်မြူးနစ်ကို နောက်ဆုံးရက်မှာ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဂျာအို ပတ်ဒရိုနဲ့ လီယမ် ဒီလပ်တို့ကို ထပ်မံခေါ်ယူခဲ့ပြီးနောက် ဂျက်ဆင်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခွင့်ရဖို့ ခက်ခဲလာမယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် သူဟာ အသင်းကနေ ထွက်ခွာဖို့အတွက် သဘောတူခဲ့ပါတယ်။
Photo Credit : The Chelsea Chronicle
ဂျက်ဆင်ဟာ ဘိုင်ယန်မြူးနစ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး ဂျာမနီကို ရောက်ရှိနေချိန်မှာ ဒီလပ် ဒဏ်ရာရခဲ့လို့ ချယ်လ်ဆီးက သူ့ရဲ့အငှားစာချုပ်ကို ရပ်ဆိုင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နောက်ထပ် ညှိနှိုင်းမှုတွေအပြီးမှာ အသက် (၂၄)နှစ်အရွယ် ဂျက်ဆင်ကို တစ်ရာသီအငှားစာချုပ်နဲ့ ဘိုင်ယန်ကို ပေါင် (၁၄)သန်း ပေးပြီး ထွက်ခွာခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
မာဆန်ကတော့ ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာဟာ ဂျက်ဆင်ကို အသင်းမှာ ဆက်ထိန်းထားသင့်တယ်လို့ ယုံကြည်နေပါတယ်။ “ချယ်လ်ဆီးမှာ နီကိုလပ်စ် ဂျက်ဆင်ရဲ့ အခြေအနေက စိတ်ဝင်စားစရာပါ။ သူက ဘိုင်ယန်မြူးနစ်ကို သွားနေချိန်မှာ လီယမ် ဒီလပ် ဒဏ်ရာရခဲ့တယ်။ သူတို့က ဂျက်ဆင်ရဲ့ အငှားစာချုပ်ကို ဖျက်ချင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဘိုင်ယန်ကို သွားခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်သာ ချယ်လ်ဆီးဆိုရင် သူ့ကို ဆက်ခေါ်ထားမှာပါ။ သူက ညံ့တဲ့ကစားသမားလို့ မထင်ပါဘူး။ နယူးကာဆယ်က ဂျက်ဆင်ကို မခေါ်ခဲ့တာ အံ့ဩမိပါတယ်” လို့ မာဆန်က မှတ်ချက်ပေးခဲ့ပါတယ်။
Photo Credit : Football Insider
ဂျက်ဆင်က ပရီးမီးယားလိဂ်ကနေ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ခဲ့သလို နစ်ခ် ဗောလ်တီမာဒါကလည်း ပြီးခဲ့တဲ့လက စတုဂတ်ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဘန်ဂျမင် ဆက်စ်ကိုကို မရရှိခဲ့ပြီးနောက် ဂျက်ဆင်ကို စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဂျာမန်လူငယ်ကစားသမားကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗောလ်တီမာဒါဟာ စတုဂတ်အတွက် ပြီးခဲ့တဲ့ရာသီက (၁၂)ဂိုး သွင်းယူပေးထားပြီး ဒီစနေနေ့မှာ ဝုလ်ဗ်နဲ့ကစားမယ့်ပွဲမှာ အက်ဒီ ဟောင်းရဲ့အသင်းအတွက် ပွဲဦးထွက် ကစားနိုင်ဖွယ်ရှိပါတယ်။
ဂျက်ဆင်မပါဘဲ ချယ်လ်ဆီးအသင်းကတော့ ဘရန့်ဖို့ဒ်ကို သွားရောက်ရင်ဆိုင်ရမှာပါ။ မာရက်စ်ကာရဲ့အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်ရခဲ့ပေမဲ့ ဒီစနေနေ့ပွဲစဉ်မှာတော့ ကောင်းမွန်တဲ့ ခြေစွမ်းကို ထိန်းသိမ်းဖို့ ရုန်းကန်ရဖွယ်ရှိတယ်လို့ မာဆန်က ယုံကြည်နေပါတယ်။“ချယ်လ်ဆီးက ဖူလ်ဟမ်နဲ့ပွဲမှာ သိပ်ကောင်းတဲ့ခြေစွမ်း မပြနိုင်ခဲ့ပေမဲ့ နိုင်ပွဲရခဲ့လို့ အပြုသဘောဆောင်တဲ့ ရလဒ်ပါပဲ။ ဒီပွဲမှာတော့ အဝေးကွင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ စိတ်ရှည်ဖို့လိုပါလိမ့်မယ်။ ဂိုးမရှိဘဲ အချိန်ကြာလာလေလေ ကျွန်တော် စိုးရိမ်လာလေလေပါပဲ။ ဘရန့်ဖို့ဒ်က အနောက်ကို ဆင်းပြီး ခံစစ်ကစားမှာပါ။ ချယ်လ်ဆီးအနေနဲ့ ဒီပွဲမှာ ဂိုးပေါက်အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်မယ်လို့ မထင်ပါဘူး။ ဘရန့်ဖို့ဒ်ရဲ့ အဝေးကွင်းက ဘယ်တုန်းကမှ သွားရောက်ဖို့ မလွယ်ကူတဲ့နေရာပါပဲ။ ဒါပေမဲ့ ချယ်လ်ဆီးက ၁-၀ လိုမျိုး ရလဒ်နဲ့ ထိန်းသိမ်းပြီး နိုင်သွားနိုင်မယ်လို့ ထင်ပါတယ်။” လို့ မာဆန်က မှတ်ချက်ပေးခဲ့ပါတယ်။