အာဆင်နယ်ကစားသမားဟောင်းနဲ့ ဘောလုံးသုံးသပ်သူ ပေါလ် မာဆန်က လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေခြင်းကို မေ့ထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာ ကာကွယ်ဖို့အတွက် နောက်ခံလူတစ်ဦးကိုသာ ဦးစားပေး ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
အင်္ဂါနေ့က Sky Sports သတင်းဌာနဘက်က လီဗာပူးလ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ ဆွေးနွေးမှုများ ပြုလုပ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးလ်သို့ ပြောင်းရွှေ့လိုစိတ်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်သောကြာနေ့မှာ ဘုန်းမောက်အသင်းနဲ့ ရာသီသစ်အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
Photo Credit : Sky Sports
မာဆန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝင်ဘလေမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ပြီး လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ဟူဂို အီကီတီကီ၊ ဖလော်ရီယန် ဝါ့ဇ်၊ မီလော့စ် ကာကက်ဇ်နဲ့ ဂျယ်ရမီ ဖရင်ပေါင်တို့လို ကစားသမားသစ်တွေကြောင့် အထင်ကြီးစရာကောင်းခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ အလွယ်တကူ ထိုးဖောက်ခံခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
‘ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် နည်းပြ စလော့ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်။ ကျွန်တော် လီဗာပူးလ်ရဲ့ ခံစစ်အတွက် ဒီနှစ်မှာ စိတ်ပူမိတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ ခရစ္စတယ်ပဲလေ့စ်က သူတို့ကို ဘယ်လောက်လွယ်လွယ်ကူကူ ထိုးဖောက်သွားလဲဆိုတာ စိုးရိမ်စရာပဲ။ တိုက်စစ်အတွက်တော့ ကျွန်တော်မပူပါဘူး။ သူတို့ရဲ့ တိုက်စစ်က အံ့မခန်းဖြစ်မှာ သေချာပြီး အသင်းအများစုကို အနိုင်ယူသွားမှာပါ။ ဒါပေမဲ့ ခံစစ်ပိုင်းမှာ အထူးသဖြင့် တန်ပြန်တိုက်စစ်တွေမှာ သူတို့ အခက်တွေ့နိုင်တာကို ကျွန်တော် မြင်ယောင်နေတယ်။ ပြိုင်ဘက်အသင်းတွေက သူတို့ကို ဒုက္ခပေးဖို့ သေချာပေါက် အစီအစဉ်တွေ ဆွဲထားကြမှာပါ။”
Photo Credit : The Empire of The Kop
“အီဆက်ခ်ကို ခေါ်ယူနိုင်ရင် လီဗာပူးလ် ချန်ပီယံဖြစ်မယ်ဆိုပြီး ပြောနေကြတာတွေ အများကြီးကြားရတယ်။ လီဗာပူးလ်သာ အီဆက်ခ်ကို ရရင် ပရီးမီးယားလိဂ်က ပြီးသွားပြီ၊ ချန်ပီယံဖြစ်ပြီလို့ လူတော်တော်များများက ပြောနေကြတယ်။”ကျွန်တော့်အမြင်မှာတော့ အီဆက်ခ် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူတို့ ချန်ပီယံဖြစ်မယ်လို့ တထစ်ချ မပြောနိုင်ပါဘူး။”
“ကျွန်တော်သာ လီဗာပူးလ်နေရာမှာဆိုရင် အီဆက်ခ်ထက် နောက်ခံလူတစ်ယောက်ကို ပိုပြီး ရှာဖွေနေမှာပါ။ ဒါက နည်းပြစလော့အတွက် ဦးစားပေး ဖြစ်ရမယ်။ သူ့ရဲ့ အဓိက နောက်ခံလူတွေက ဗာဂျေးလ် ဗန်ဒိုက်၊ အီဘရာဟီမာ ကိုနာတေးနဲ့ ဂျိုး ဂိုးမက်ဇ်တို့ပဲ ရှိတယ်။ တိုက်စစ်မှာတော့ အီကီတီကီ၊ ဝါ့ဇ်၊ ဂတ်ပိုနဲ့ မိုဟာမက် ဆာလာတို့လို ရွေးချယ်စရာတွေ အများကြီးရှိနေတာကြောင့် အီဆက်ခ်ကို မလိုအပ်ပါဘူး။ နောက်ခံလူတစ်ယောက် အသည်းအသန် လိုအပ်နေတာ ထင်ရှားနေရဲ့သားနဲ့ အီဆက်ခ်ကို ဘာကြောင့် အသည်းအသန် လိုချင်နေရတာလဲ။ အီဆက်ခ်ကို ထပ်ပေါင်းထည့်လိုက်ရင် တိုက်စစ်မှူးအားလုံးကို တစ်ပြိုင်တည်း ပွဲထုတ်လို့မရတဲ့အတွက် ပြဿနာတွေပဲ ပိုများလာလိမ့်မယ်။”
Photo Credit : Sky Sports
“ဝင်ဘလေမှာ ဆာလာ ကစားသွားတဲ့ ခြေစွမ်းက နည်းနည်းစိုးရိမ်စရာကောင်းတယ်။ ကစားသမားတစ်ယောက် ဒီလောက်ဆိုးရွားစွာ ကစားတာမျိုး ကျွန်တော် မမြင်ဖူးသလောက်ပါပဲ။ ဒါပေမဲ့ ဆာလာက ဒီလိုပါပဲ။ သူက ရက်သတ္တပတ်အနည်းငယ်လောက် ခြေစွမ်းပျောက်သွားတတ်ပြီးမှ (၁၀)ပွဲဆက်တိုက် ဂိုးတွေသွင်းတာမျိုး ဟက်ထရစ်တွေ သွင်းတာမျိုး ပြန်လုပ်တတ်တယ်။ သူ့အတွက် ဒီရာသီမှာ ခက်ခဲနိုင်တာတစ်ခုက ဂျယ်ရမီ ဖရင်ပေါင်ရဲ့ ရှေ့မှာ ကစားရမှာ ဖြစ်လို့ပါပဲ။ ထရန့် အလက်ဇန်းဒါး အာနိုးလ်နဲ့ ယှဉ်ရင် ဖရင်ပေါင်က တောင်ပံတိုက်စစ်မှူးစစ်စစ်လို ပိုကစားပါတယ်။ ထရန့်နဲ့ဆိုရင် ဆာလာက ဘယ်လိုပဲပြေးပြေး ဘောလုံးရောက်လာမှာ သေချာတယ်။ ထရန့်က နောက်ခံလူတွေကို ဆွဲဆောင်နိုင်လို့ ဆာလာအတွက် နေရာလွတ်တွေ ရစေတယ်။ ဖရင်ပေါင်းက ကစားသမားကောင်းတစ်ယောက်ပေမယ့် သူက အရမ်းရှေ့တက်ကစားလွန်းတော့ သဘာဝနောက်ခံလူတစ်ယောက် မဟုတ်ဘူး။ ဒီညာခြမ်းမှာ ပြီးခဲ့တဲ့ရာသီထက်တောင် ပိုကြီးတဲ့ ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ အထူးသဖြင့် ကိုနာတေးအတွက် နေရာလွတ်တွေ အများကြီး ဖြစ်လာနိုင်တယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။