ချယ်လ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေဟာ တစ်ချိန်က ပရီးမီးယားလိဂ်မှာ အတော်လေး လွှမ်းမိုးခဲ့ဖူးတဲ့ ထိပ်တန်း ကလပ်အသင်းတွေဖြစ်ပြီး ယူနိုက်တက်တစ်ခေတ် ချယ်လ်ဆီးတစ်ခေတ် အဲ့ဒီလိုမျိုးတွေအထိ အောင်မြင်ခဲ့ဖူးတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲအောက်မှာ ယိမ်းယိုင်မှုတွေ ဖြစ်ခဲ့ရသလို ယူနိုက်တက်အသင်းဆိုရင်လည်း နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အလှမ်းဝေးခဲ့ရပြီး ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပါတယ်။

Photo Credit : The Mirror

ဒီလို နှစ်သင်းလုံး ကျဆင်းနေချိန်မှာ မန်စီးတီး လီဗာပူးလ်တို့က ပရီးမီးယားလိဂ်ကို လွှမ်းမိုးလာတဲ့အပြင် အာဆင်နယ်ကလည်း (၂)နှစ်ဆက်တိုက် ပုံစံကောင်းတွေ ပြသလာနိုင်ခဲ့သလို စပါး ဗီလာ နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ကပါ ယူနိုက်တက် ချယ်လ်ဆီးတို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်လာခဲ့ရပါတယ်။

အခု ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ အဆင့်(၁၂)နေရာထိ ရောက်ရှိနေရသလို ယူနိုက်တက်ကလည်း အဆင့်(၆)နေရာနဲ့ နှစ်သင်းလုံးက ချန်ပီယံလိဂ်ဝင်ခွင့်တွေနဲ့ လွဲချော်ရဖို့ အခြေအနေများနေတဲ့အပြင် ချယ်လ်ဆီးဆိုရင်လည်း ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ကောင်း လွဲချော်သွားရနိုင်ပါတယ်။

Photo Credit : Sky Sports

ဒီနေ့မှာတော့ ဒီနှစ်သင်းက ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး ဒီပွဲကလည်း နှစ်သင်းလုံးအတွက် အရေးပါလျက် ရှိနေသလို နှစ်သင်းလုံးဟာလည်း အက်ဖ်အေဖလား ဖိုင်နယ်မှာပါ ထပ်မံ ဆုံတွေ့ရနိုင်ခြေလည်း ရှိနေရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ပေါလ်မာဆန်က “ဒီပွဲက ပွဲကြီးပွဲကောင်း တစ်ပွဲတောင် မဟုတ်တော့ဘူးမလား။ အရင်တုန်းကတော့ ဒီနှစ်သင်း တွေ့ဆုံတဲ့ပွဲက ခံတွင်းတွေ့စရာ ပွဲမျိုး ဖြစ်ခဲ့တယ်ဆိုပေမယ့် အခုတော့ တစ်သင်းက ဘရန့်ဖို့ဒ် ပြုသမျှ နုခံခဲ့ရတဲ့အသင်းနဲ့ နောက်တစ်သင်းက (၁၀)ယောက်ပဲကျန်တဲ့ ဘန်လေကို မလွှမ်းမိုးနိုင်ခဲ့တဲ့အသင်းတို့ တွေ့ဆုံရမှာပါ။” လို့ ပယ်ပယ်နယ်နယ် ပြောဆိုသွားခဲ့ပါတယ်။