အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်အသင်းရဲ့ ဆွီဒင်တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့ အသင်းက ကြောက်ခမန်းလိလိ ဖြစ်သွားမယ့် အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ တိုက်စစ်ပိုင်းအတွက် ကိုင်းဟာဗက်ဇ်တို့ကို ခေါ်ယူခဲ့ပြီးနောက် အသင်းက မနှစ်ကထက် ပိုမိုကောင်းမွန်လာခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုအတွက် နောက်ဆုံးချိန်အထိပါ စိန်ခေါ်လာနိုင်ခဲ့ပါတယ်။

Photo Credit : The Independent

ဒါပေမယ့် အာဆင်နယ်အသင်းမှာ လိုအပ်တဲ့ နေရာတွေ ရှိလို့နေသေးပြီး အဓိကတော့ တိုက်စစ်ပိုင်းအတွက် အရည်အသွေးမြင့်မားတဲ့ အထောင်တိုက်စစ်မှူးကောင်း တစ်ဦးခန့်လောက် လိုအပ်နေပါတယ်။ အဲ့ဒီအတွက်လည်း အာဆင်နယ်က တိုနေး ၊ ဆက်စ်ကို ၊ အီဆက်ခ် ၊ ဂျော်ကီရက်စ်တို့ကိုပါ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ဒီတိုက်စစ်ကစားသမားတွေထဲကမှ လက်ရှိမှာ အာဆင်နယ်နဲ့ သတင်းအထွက်ဆုံး ဖြစ်နေတာက လိုက်ပ်ဇစ်ရဲ့ ဆလိုဗေးနီးယား တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ဖြစ်ပေမယ့်လည်း အာဆင်နယ် ကစားသမားဟောင်းလည်းဖြစ် ဘောလုံး Pundit လည်းဖြစ်တဲ့ ပေါလ်မာဆန်ကတော့ အီဆက်ခ်ကိုသာ ခေါ်ယူစေချင်နေပါတယ်။

Photo Credit : Sky Sports

“နယူးကာဆယ်ဟာ ကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေက ဆုဖလားတွေကို ရယူဖို့အတွက် အသင်းကနေ ထွက်ခွာမယ်ဆိုရင် အဲ့ဒီအတွက် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ တကယ်လို့ အာဆင်နယ်သာ အီဆက်ခ်လို တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူနိုင်မယ်ဆိုရင် သူတို့အသင်းဟာ ပိုပြီးတော့ကို တောင့်တင်းသွားပါလိမ့်မယ်။” လို့ ပေါလ်မာဆန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၂၀)အထိ သွင်းယူထားနိုင်ခဲ့ပြီး ဟာလန်း ပါလ်မာတို့ရဲ့နောက် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားပါ ရပ်တည်လျက် ရှိနေပါတယ်။