အာဆင်နယ်ကစားသမားဟောင်း ပေါလ် မာဆန်က ဒီတစ်ပတ် စူပါဆန်းဒေးပွဲစဉ်မှာ လီဗာပူးလ်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီး အာဆင်နယ်က နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးပြောကြားလိုက်ပါတယ်။

မနက်ဖြန် (စနေနေ့) မှာ လီဗာပူးလ်အသင်းသာ အနိုင်ရခဲ့ပြီး တနင်္ဂနွေနေ့မှာ အာဆင်နယ် ရှုံးနိမ့်ခဲ့မယ်ဆိုရင် မီခေးလ် အာတီတာရဲ့အသင်းဟာ ရာသီအဖွင့် (၅)ပွဲဆက်တိုက် အနိုင်ရထားတဲ့ လိဂ်ဦးဆောင်သူ လီဗာပူးလ်နဲ့ (၈)မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။ မာဆန်က ဒီအမှတ်ကွာဟမှုဟာ ရာသီအစပိုင်းသာရှိသေးပေမယ့် အာဆင်နယ်အတွက် လိုက်မီဖို့ အရမ်းခက်ခဲသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : TEAMtalk

မာဆန်က ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီးနဲ့ပွဲက အာတီတာရဲ့ ကစားသမားရွေးချယ်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။ “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ပွဲက အာဆင်နယ်လူစာရင်းကို ကျွန်တော်မြင်လိုက်ရတော့ စိတ်ပျက်သွားတယ်။ လီယန်ဒရို ထရော့ဆာကို မလေးစားတာတော့ မဟုတ်ပါဘူး၊ သူက ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ခင်ဗျားက အီဘီရီချီ အက်ဇေးလို ကစားသမားမျိုးကို ပိုက်ဆံပုံအောပြီး ဝယ်ထားတာက ပွဲကြီးတွေမှာ ကစားဖို့ပဲလေ။ မဟုတ်ရင် ဘာလို့ဝယ်ထားမှာလဲ?”

“ချန်ပီယံလိဂ်က ဘီလ်ဘာအိုနဲ့ပွဲကို ဘယ်သူမှ ဂရုမစိုက်ဘူး။ ပရီးမီးယားလိဂ်က အဓိက ဦးစားပေးဖြစ်နေလို့ အဲ့ဒီပွဲရှုံးလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ ဒီဖလားကို မရတာ နှစ် (၂၀)ကျော်နေပြီ။ တကယ်တမ်း ပြန်သုံးသပ်ကြည့်ရင် စီးတီးက ဘယ်လောက်ဆိုးရွားနေလဲဆိုတာ တွေ့ရလိမ့်မယ်။ အာဆင်နယ်က အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခဲ့တာပဲ။ စပါးနဲ့ ဘရိုက်တန်တို့က စီးတီးကို ဘယ်လို တိုက်စစ်ဆင်ကစားခဲ့လဲဆိုတာကို ဘာလို့ လေ့လာမသွားခဲ့တာလဲ? ဘာလို့ နောက်ကို ဆုတ်ကစားခဲ့တာလဲ? မေးခွန်းတွေ ထုတ်ရတော့မှာပဲ။”

Photo Credit : Caught Offside

“အာဆင်နယ်က အခု လီဗာပူးလ်ရဲ့နောက် (၅)မှတ်ကွာနေပြီ။ ဒါကြောင့် ဒီတစ်ပတ် နယူးကာဆယ်နဲ့ပွဲက မဖြစ်မနေ အနိုင်ရရမယ့်ပွဲဆိုတာ ဟာသတောင်မဟုတ်တော့ဘူး။ လီဗာပူးလ်သာ စနေနေ့မှာနိုင်သွားရင် တနင်္ဂနွေနေ့ အာဆင်နယ် ကစားမယ့်အချိန်မှာ သူတို့ (၈)မှတ်ကွာသွားပြီ။ အဲ့ဒီပွဲကိုသာ ရှုံးခဲ့ရင် ကျွန်တော့်ကိုယုံပါ၊ ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးပွဲက သူတို့အတွက် ပြီးပြီ။ အဆုံးသတ်ပြီ။”

“ကျွန်တော် အစကတည်းက ပြောခဲ့တယ်၊ အာဆင်နယ်သာ စီးတီးနဲ့ နယူးကာဆယ်ဆီကနေ (၄)မှတ်ရခဲ့ရင် သူတို့လိဂ်ချန်ပီယံဖြစ်လိမ့်မယ်လို့။ စီးတီးနဲ့ပွဲမှာ သရေကျခဲ့တော့ အခု နယူးကာဆယ်ကို သွားပြီး အနိုင်ကစားမှကို ဖြစ်တော့မှာ။ အာဆင်နယ်ရဲ့ ရာသီအဖွင့်ပွဲစဉ်ဇယားက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အခက်ခဲဆုံးတွေထဲကတစ်ခုပါ။ ဒီတစ်ပတ်အပြီးမှာ သူတို့သာ (၅)မှတ်အကွာမှာပဲ ဆက်ရှိနေသေးရင် အခွင့်အရေးရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ (၅)မှတ်ဆိုတာ အရမ်းများလွန်းပါတယ်။” လို့ မာဆန်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။