Sky Sports ရဲ့ ဘောလုံး သုံးသပ်သူ ပေါလ် မာဆင်က သူ့ရဲ့ နောက်ဆုံး သုံးသပ်ချက် ဆောင်းပါးမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပီအက်စ်ဂျီကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပေါ် သူ့ရဲ့ ထင်မြင်ချက်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ထင်တာကတော့ ကစားသမားတွေ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ ဒါက ပွဲကြီးပွဲကောင်းလေ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပဲ။ ဒီကစားသမားတွေ အရင်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို မကစားဖူးဘူး။ သူတို့က ဒီအဆင့်မှာ အတွေ့အကြုံရင့် ကျက်တဲ့ ကစားသမားတွေ မဟုတ်သေးဘူး။ ဘယ်လောက်ပဲ လစာများများ ရနေပါစေ ဒီလိုပွဲမျိုးမှာတော့ စိတ်လှုပ်ရှားကြမှာပဲ။ ကျွန်တော်ထင်တာ သူတို့ ကြောက်နေခဲ့ကြတယ်။ ပီအက်စ်ဂျီက ပွဲစတာနဲ့ ကောင်းကောင်း ကစားသွားပြီး အစောပိုင်းမှာ ဂိုးရသွားတော့ သူတို့ အာဆင်နယ်ကို ချုပ်ထားနိုင်ခဲ့တယ်။ အာဆင်နယ် ကစားသမားတွေက တစ်မျိုးကြီး ကြောက်ရွံ့နေသလိုပဲ။ သူတို့စိတ်ထဲမှာ ‘ငါတို့သာ ဒီမှာ နောက်တစ်ဂိုး ထပ်ပေးလိုက်ရရင် ဒီပွဲစဉ်ကနေ ထွက်ရပြီ။ တကယ်ကို ထွက်ရပြီ’ လို့ တွေးနေကြပုံပဲ။ အာဆင်နယ်က ပွဲထဲကို တဖြည်းဖြည်း ပြန်ဝင်လာနိုင်ခဲ့ပေမယ့် သူတို့ စိတ်ပျက်နေကြမှာပါ။ ဘဝမှာ ကြုံရတဲ့ ပွဲတချို့ ရှိတယ်၊ ‘ဒီပွဲမှာ ငါ ဒီထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်’ လို့ ပြန်တွေးမိတဲ့ပွဲမျိုးပေါ့။ ဒီပွဲအပြီးမှာ ကစားသမားအများစု အဝတ်လဲခန်းထဲမှာ ဒါမှမဟုတ် အိမ်ပြန်ရောက်လို့ အိပ်ရာဝင်ချိန်မှာ ‘ငါ ဒီနေ့ ခြေစွမ်းကောင်းကောင်း မပြနိုင်ခဲ့ပါလား’ လို့ တွေးမိကြမှာ သေချာတယ်။”

Photo Credit : Sky Sports

“ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပွဲကြီးပွဲကောင်း အရေးကြီးတဲ့ အဆင့်တွေမှာ ဒီလိုမဖြစ်ဖို့ မျှော်လင့်ရတာပေါ့။ အင်္ဂါနေ့ညကတော့ ဖြစ်သွားခဲ့တယ်။ သောမတ်စ် ပါတေး မပါဝင်နိုင်ခဲ့တာက မယုံနိုင်လောက်အောင် ထိခိုက်စေခဲ့တယ်။ ဒါက ဒက်ကလန် ရိုက်စ်ကို ရှေ့တန်းကို စိတ်ကြိုက် ပြေးတက်ကစားခွင့် မရအောင် တားဆီးလိုက်သလို ဖြစ်သွားတယ်။ ရိုက်စ်က လက်ရှိအချိန်မှာ ဘယ်သူနဲ့မဆို ယှဉ်ကစားနိုင်လောက်အောင် ခြေစွမ်းပြနေသူပါ။ သူက ရှေ့ကို ပြေးတက်တယ် လှုပ်ရှားမှုတွေ လုပ်တယ် ဂိုးဧရိယာထဲကို ဝင်ရောက်တယ်။ အာဆင်နယ် ရခဲ့တဲ့ အခွင့်အရေး နည်းနည်းလေးထဲက တစ်ခုဖြစ်တဲ့ လီယန်ဒရို ထရော့ဆတ်ရဲ့ အခွင့်အရေးက ရိုက်စ် ရှေ့ကို အရှိန်နဲ့ ပြေးတက်လာလို့ ရခဲ့တာ။ ပါတေးမပါလို့ ရိုက်စ် သူ့နေရာမှာပဲ ပိုကစားခဲ့ရတာကြောင့် ဒီလို ပြေးတက်မှုမျိုးတွေ အများကြီး မမြင်ခဲ့ရဘူး။”

“ဒုတိယအကျော့မှာ မာတင် အိုဒီဂတ် ခြေစွမ်းပြဖို့ လိုလိမ့်မယ်။ ကျွန်တော်က အိုဒီဂတ်ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ၊ ဒါပေမယ့် အင်္ဂါနေ့ညက သူ ခြေစွမ်းမပြနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့မှာ နောက်ထပ် အခွင့်အရေးတစ်ခု ရှိပါသေးတယ်။ အင်္ဂါနေ့ညက သူတို့ ဒီပြိုင်ပွဲကနေ လုံးဝ ထွက်သွားသင့်တာ။ ပီအက်စ်ဂျီ အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ ကျွန်တော်ထင်တာကတော့ ပထမဂိုးက အဆုံးအဖြတ် ဖြစ်လိမ့်မယ်။ အာဆင်နယ်ကသာ ပထမဂိုး သွင်းနိုင်ခဲ့ရင် အင်္ဂါနေ့က ခြေစွမ်းဆိုးတွေကို ဖျောက်ပစ်လိုက်သလို ဖြစ်ပြီး ပွဲက ပြန်စပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီကသာ အရင်ဂိုးသွင်းခဲ့ရင်တော့ အာဆင်နယ် ပြန်လာနိုင်မယ့် လမ်းကို ကျွန်တော် မမြင်တော့ဘူး။ ဒါပေမယ့် ပါတေး ပြန်ပါလာရင်တော့ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

Photo Credit : Sky Sports

“ကွင်းထဲရောက်တော့ ပရိသတ်တွေက ‘North London Forever’ သီချင်းကို သံပြိုင်ဆိုနေကြတယ် အားပေးမှုက အရမ်းကောင်းနေချိန်မှာပဲ ပွဲစပြီး (၄)မိနစ်အကြာမှာ ပီအက်စ်ဂျီက ဂိုးသွင်းသွားတယ်။ ဒါက စိတ်ဓာတ်ကျစေတာပေါ့။ ကစားသမားတွေကိုရော ပရိသတ်တွေကိုရော စိတ်ဓာတ်ကျစေတယ်။ ပရိသတ်တွေလည်း စိတ်လှုပ်ရှားနေကြမှာပဲ။ သူတို့ ဆီမီးဖိုင်နယ်ကို ရောက်လာတယ်။ အသင်းသမိုင်းမှာ တစ်ခါမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့် မယုံနိုင်စရာ အခွင့်အရေးကြီး ရနေတာလေ။ ကျွန်တော်ထင်တာကတော့ လူတိုင်းအပေါ် ဒီဖိအားက သက်ရောက်သွားတယ်။ ပထမ (၄)မိနစ်က ဂိုးက အဆုံးအဖြတ် ဖြစ်သွားတယ်။ ပရိသတ်တွေလည်း ကစားသမားတွေလိုပဲ စိတ်လှုပ်ရှားပြီး စိုးရိမ်သွားကြတယ်၊ ဒါပါပဲ။”

“အဲဒီဂိုးကြောင့် ပထမ မိနစ်(၂၀)လောက်မှာ ပွဲက အေးစက်သွားသလိုပဲ။ အာဆင်နယ်က စိတ်လှုပ်ရှားနေပြီး ပီအက်စ်ဂျီက သူတို့ကို လှည့်ပတ် ကစားသွားတယ်။ ပီအက်စ်ဂျီက ဟာလမ် ဂလုပ်ထရော်တာ (ဘတ်စကတ်ဘောအလှပြအဖွဲ့) လိုတောင် ဖြစ်နေခဲ့တယ်။ အာဆင်နယ် အခွင့်အရေး နည်းနည်းပါးပါး ရခဲ့ပါတယ်။ ပွဲထဲ ပြန်ဝင်လာနိုင်ခဲ့ပြီး ပထမပိုင်းပြီးဖို့ မလိုလောက်ဘူးလို့တောင် ထင်ခဲ့မိတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ၁-၀ နဲ့ ရှုံးသွားတယ်။ တကယ်တော့ ၃-၀ လောက်တောင် ဖြစ်သွားနိုင်ခဲ့တယ်။ သူတို့မှာ အခွင့်အရေး ရှိတာပေါ့။ အာဆင်နယ်ဆိုတာ အသင်းကောင်းတစ်သင်းပဲ၊ တစ်ညတည်းနဲ့ အသင်းဆိုး ဖြစ်မသွားနိုင်ပါဘူး။

“သူတို့ ၁-၀ ပဲ ရှုံးထားတာကြောင့် ဒုတိယအကျော့ ပထမ (၁၀)မိနစ်အတွင်း ဂိုးပြန်သွင်းဖို့ အသည်းအသန် ကြိုးစားစရာ မလိုဘူး။ အရေးကြီးတာက ပထမ မိနစ်(၂၀)ကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ပြီး ပီအက်စ်ဂျီ အိမ်ကွင်းက အားပေးမှုကို တိတ်ဆိတ်သွားအောင် ထိန်းထားနိုင်ဖို့ပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီကွင်းက ပရိသတ် အားပေးမှုက မယုံနိုင်စရာ ကောင်းနေမှာမို့လို့ပဲ။ ချက်ချင်း ဂိုးသွင်းစရာ မလိုဘူး။ ဒါကြောင့် သူတို့ စိတ်ရှည်ရမယ်။ ပွဲထဲကို တဖြည်းဖြည်းချင်း ပြန်ဝင်ရမယ်။ ဒီပွဲစဉ်ထဲမှာ တတ်နိုင်သလောက် အချိန်ကြာကြာ ဆက်ရှိနေအောင် ကစားရမယ်။ ပြီးမှ နောက်ဆုံး မိနစ်(၂၀)ကနေ (၂၅)မိနစ်အတွင်းမှာ အစွမ်းကုန် ကြိုးစားပြီး တိုက်စစ်ဖွင့် ကစားကြည့်ရမယ်။ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပဲ။”