ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ရီးဒင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ ပေါအင့်ကတော့ ယနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမယ့် အက်ဖ်အေဖလားပွဲမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ကို အရန်ခုံမှာပဲ မြင်ချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးဒင်းတို့က အက်ဖ်အေဖလား ၃၂သင်းအဆင့် ပွဲစဉ်အဖြစ် ယနေ့ည ၂နာရီခွဲ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး အဆိုပါပွဲမှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ကပဲ အနိုင်ရလဒ်ကို အရယူသွားဖို့ အခွင့်အလမ်း များပြားနေပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၈ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ထားပြီး ပေါအင့်ရဲ့ ရီးဒင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၄ပွဲနိုင် ၂ပွဲသရေ ၄ပွဲ ရှုံးထားသလို ကစားသမား အင်အားပိုင်းလည်း ကွာခြားတာကြောင့် ရီဒင်းဟာ အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ကစားနိုင်ဖို့ မလွယ်ကူပါဘူး။

ဒါပေမယ့် ပေါအင့်ကတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မှာ ခြေစွမ်းတက်နေတဲ့ ရက်ဖို့ဒ်ကို အရန်ခုံမှာသာ မြင်ချင်ကြောင်းနဲ့ ရက်ဖို့ဒ်လို ကစားသမားမျိုးကို ရပ်တန့်ဖို့ ဆိုတာဟာ သူတို့အသင်း အတွက် အရမ်းကို ခက်ခဲလိမ့်မယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Metro

ပေါအင့်က – “ကျွန်တော်တို့နဲ့ပွဲမှာ ရက်ဖို့ဒ် တယောက် ဝင်မကစားဖို့ မျှော်လင့်မိပါရဲ့ဗျာ။ သူတို့တွေ ကာရာဘောင်းပွဲမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာကြောင့် စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာရာဘောင်းဖလားရဲ့ ဒုတိယအကျော့က သူတို့အတွက် အရေးမပါတော့လို့ ရက်ဖို့ဒ်က ကျွန်တော်တို့နဲ့ပွဲမှာ ဝင်ကစားဖို့ အခွင့်အလမ်း များသွားခဲ့လို့ပါ။ တခြား ကစားသမားတွေလိုပါပဲ။ ရက်ဖို့ဒ်က သူ့ကိုယ်သူ ယုံကြည်မှု ပြည့်ဝလာတာကြောင့် အခုလိုမျိုး ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်နေတာပါ။ ဒါက မှန်ကန်တဲ့ နည်းပြတယောက် အသင်းဆီ ရောက်လာတာနဲ့လည်း ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ ရက်ဖို့ဒ် တယောက် ယုံကြည်မှု ကျဆင်းခဲ့တဲ့ အခိုက်အတန့် တချို့ကို မြင်ခဲ့ရလို့ပါ။ ရက်ဖို့ဒ် တယောက် မန်ချက်စတာ ယူနိုက်တက် အတွက် ခြေစွမ်းပြနေတာကို မြင်ရတာဟာ ကျေနပ်စရာ ကောင်းပါတယ်။ သူက အခုချိန်မှာ ရပ်တန့်ဖို့ မလွယ်တဲ့ ကစားသမား တဦး ဖြစ်နေသလို နည်းပြကလည်း သူ့ကို လူစာရင်း ကနေ ချန်လှပ်လို့ မရပါဘူး” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ရက်ဖို့ဒ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံ ၁၀ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုး ၁၀ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။