နာမည်ကျော် နယ်သာလန် ကစားသမားဟောင်းကြီးဖြစ်သူ ပက်ထရစ် ကလွိုင်ဗက်ဟာ လက်ရှိမှာတော့ အရှေ့တောင် အာရှ အာဆီယံ ကိုယ်စားပြု ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အင်ဒိုနီရှား လက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်ဒိုနီးရှားအသင်းက နိုင်ပွဲ (၁)ပွဲတည်းသာ ရှိခဲ့ပြီး အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကိုပါ တက်လှမ်းနိုင်ခြင်း မရှိတာကြောင့် အင်ဒိုနီးရှားနည်းပြဖြစ်သူ ရှင်တေးယောင်ကို ဒီကနေ့မှာပဲ အင်ဒိုဘောလုံးအဖွဲ့ချုပ်က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
Photo Credit : South China Morning Post
တကယ်တော့ တောင်ကိုရီးယားလူမျိုး နည်းပြ ရှင်တေးယောင်ဟာ ၂၀၂၀ကတည်းက အင်ဒိုနီးရှားအသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲတွေမှာလည်း တတိယအဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ထားသလို အခြေအနေကောင်းတစ်ရပ် ရရှိအောင်ပါ စွမ်းဆောင်ပေးထားနိုင်ပါတယ်။
ဒါပေမယ့် အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ရလဒ်တွေကြောင့် ရှင်တေးယောင်ကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီး ဘာစီလိုနာ အေဂျက်စ်နဲ့ နယ်သာလန်အသင်းတွေရဲ့ ကစားသမားဟောင်းကြီး ကလွိုင်ဗက်ကို နည်းပြသစ်အဖြစ် အစားထိုး ခန့်အပ်သွားတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Serayu News
ကလွိုင်ဗက်ကို အင်ဒိုနီးရှားအသင်းက (၂)နှစ် + (၂)နှစ်စာချုပ်နဲ့ ခန့်အပ်သွားမှာဖြစ်ပြီး လာမယ့် (၁၂)ရက်နေ့မှာပဲ တရားဝင် အသိပေး ထုတ်ပြန်သွားဖို့လည်း ရှိနေပါတယ်။ ကလွိုင်ဗက်ဟာ ရှင်တေးယောင်ထက် ပုံရိပ်ကြီးမားသူ ဖြစ်ပေမယ့်လည်း ကလွိုင်ဗက်ကလည်း ကစားသမားဘဝမှာ အောင်မြင်ခဲ့သလောက် နည်းပြဘဝမှာတော့ ဘာအောင်မြင်မှုမှ မရသေးတာက အင်ဒိုအတွက် စိန်ခေါ်မှုတစ်ခုလို ဖြစ်လာနိုင်ပါတယ်။
အင်ဒိုနည်းပြသစ် ဖြစ်လာတော့မယ့် ကလွိုင်ဗက်က ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် တတိယအဆင့် လက်ကျန် (၄)ပွဲကို ဆက်လက် ကိုင်တွယ်သွားရတော့မှာဖြစ်ပြီး အနည်းဆုံး စတုတ္ထအဆင့်ဆီ ရောက်ရှိနိုင်အောင် စွမ်းဆောင်ပေးသွားရမှာ ဖြစ်ပါတယ်။ အင်ဒိုက ဒီ(၄)ပွဲမှာ သြစတြေးလျနဲ့ ဂျပန်တို့ကို အဝေးကွင်း ဘာရိန်းနဲ့ တရုတ်တို့ကို အိမ်ကွင်းတွေမှာ ရင်ဆိုင်သွားရပါမယ်။