ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်ဗိုလ်ချုပ် သောမတ်စ် ပါတေးက ကြွက်သားဒဏ်ရာ ရနေတာကြောင့် ကြားရက်မှာ ကစားခဲ့တဲ့ အာဆင်နယ် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်ကို လွဲချော်ခဲ့ရသလို ဒဏ်ရာကနေ ပြန်မသက်သာသေးတာကြောင့် မနက်ဖြန်မှာ ကစားရမယ့် ဗီလာနဲ့ အာဆင်နယ် ပွဲစဉ်ကိုပါ ထပ်မံ လွဲချော်ဖွယ် ရှိနေကြောင်း အာဆင်နယ်နည်းပြ အာတီတာက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဂါနာလက်ရွေးစင် ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် ကစားသမား ပါတေးက အက်သလက်တီကို မက်ဒရစ် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အာဆင်နယ်ကို ပရီးမီးယားလိဂ် ချန်ပီယံဆုအား မျှော်မှန်းခွင့် ရအောင် ကူညီပေးထားပါတယ်။

Photo Credit: Euro Sports

ပါတေးက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၂၃ပွဲ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူပေးထားကာ သူ ပါဝင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်က ၁၉ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပါတေးကို အာဆင်နယ်ရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် သတ်မှတ်လို့ ရပြီး အာဆင်နယ်နည်းပြ အာတီတာက ပါတေးဟာ ကြွက်သားဒဏ်ရာ ကနေ ပြန်မသက်သာသေးတာကြောင့် မနက်ဖြန်မှာ ကစားရမယ့် ဗီလာနဲ့ပွဲကို လွဲချော်မယ့် အလားအလာတွေ ရှိနေကာ ပါတေးရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဗီလာနဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့  ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Euro Sports

ပါတေးရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အာတီတာက – “ကျွန်တော်တို့တွေက ပါတေးရဲ့ ဒဏ်ရာကို ထပ်ပြီး စစ်ဆေးကြည့်ဖို့ လိုပါသေးတယ်။ သူ့ရဲ့ ကြွက်သားဒဏ်ရာက နည်းနည်းလေး ကျန်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာကို ထပ်ပြီး စစ်ဆေးမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အကယ်၍ ပါတေးကသာ ကြွက်သားဒဏ်ရာကြောင့် ဗီလာနဲ့ပွဲကို လွဲချော်ခဲ့ရင် အာတီတာက ချာကာနဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ကွင်းလယ်အတွဲကိုသာ ဆက်လက် သုံးစွဲဖွယ် ရှိနေပါတယ်။